The network connection is lost.

Banner Image

ဘရာဇီးလက်ရွေးစင်အသင်းကနေ နုတ်ထွက်လိုက်တဲ့ ယူနိုက်တက်ကြယ်ပွင့် မက်သီယက်စ် ကူညာ

ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ မက်သီယက်စ် ကူညာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီးနောက် လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲပွဲစဉ်တွေအတွက် ဘရာဇီးလက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဘန်လေနဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာပဲ ဘရာဇီးကြယ်ပွင့်ဟာ ဘောလုံးကို လိုက်ယူရင်း ကြွက်သားဒဏ်ရာ ရခဲ့ကာ ဆရာဝန်တွေ စစ်ဆေးမှုပြုလုပ်ပြီးနောက် ဆက်လက်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကူညာဟာ စိတ်ပျက်စရာကောင်းတဲ့ တစ်ပတ်တာကို ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ကာရာဘောင်း ဖလားပွဲစဉ်အဖြစ် ဂရင်းဘီအသင်းကို ပယ်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပယ်နယ်တီတစ်လုံး လွဲချော်ခဲ့ပါတယ်။ အဲ့ဒီနောက် စနေနေ့က အိုးထရက်ဖို့ဒ်မှာ ဘန်လေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၃၀ မိနစ်အကြာမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ကူညာရဲ့ ဒဏ်ရာအခြေအနေ ဘယ်လောက်အထိ ဆိုးရွားတယ်ဆိုတာ မသိရှိရသေးပေမယ့် ချီလီ၊ ဘိုလီးဗီးယားအသင်းတို့နဲ့ ကစားရမယ့် ပွဲစဉ်တွေအတွက် ဘရာဇီးလက်ရွေးစင်အသင်းကနေ နုတ်ထွက်ခဲ့တာကြောင့် ကစားသမားဟာ အချိန်အတော်ကြာ အနားယူရဖွယ်ရှိကြောင်း စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကတော့ ကူညာရဲ့ လက်ရွေးစင်အသင်းကနေ နုတ်ထွက်တဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ‘၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲနောက်ဆုံး ၂ ပွဲဖြစ်တဲ့ ချီလီ၊ ဘိုလီးဗီးယားတို့နဲ့ပွဲစဉ်တွေအတွက် ဖလာမင်ဂိုအသင်းတိုက်စစ်မှူး ဆမ်မြူရယ်လ် လီနိုကို နည်းပြ ကာလို အန်ဆယ်လော့တီက စနေနေ့မှာ ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်အသင်းနဲ့ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ဆေးဘက်ဆိုင်ရာဌာနတွေ ဆွေးနွေးပြီးနောက်မှာ ပရီးမီးယားလိဂ် ဘန်လေနဲ့ပွဲမှာ ကြွက်သားဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး မက်သီယက်စ် ကူညာကို လက်ရွေးစင်အသင်းကနေ လွှတ်ပေးလိုက်ပါတယ်’ လို့ ပါရှိပါတယ်။

ကူညာရဲ့ အခြေအနေက လူငယ်ကစားသမား ကိုဘီ မိုင်နူးရဲ့ အနာဂတ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ မိုင်နူးဟာ ပွဲကစားချိန်ပိုရဖို့အတွက် အသင်းကို အငှားထွက်ခွာဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကူညာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘရူနို ဖာနန်ဒက်စ်က နံပါတ် ၁၀ နေရာမှာ ကစားဖွယ်ရှိနေပြီး ကွင်းလယ်နေရာ လစ်လပ်သွားနိုင်တာကြောင့် ယူနိုက်တက်အသင်းက မိုင်နူးကို အငှားစာချုပ်နဲ့ ထွက်ခွာခွင့်ပြုမှာ မဟုတ်တော့ပါဘူး။