
အိုးထရက်ဖို့ဒ်မှာ အရေးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ချဲလ်ဆီးစတား
ချဲလ်ဆီးစတား ဂါနာချိုက ဆန်းချက်ဇ်သာအထုတ်မခံရရင် ယူနိုက်တက်အသင်းကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဆန်းချက်ဇ်အထုတ်ခံခဲ့ရပြီးနောက် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့လတုန်းက အိုးထရက်ဖို့ဒ်မှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပထမပိုင်းအချိန်ပိုမှာ ကက်စ်မဲရိုးက အထုတ်ခံခဲ့ရပေမယ့် ချဲလ်ဆီးအသင်းဟာ လိုချင်တဲ့ရလဒ်မယူနိုင်ခဲ့တာဖြစ်ပါတယ်။ မာရက်စ်ကာရဲ့အသင်းဟာ အခုနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် လီဗာပူးအသင်းကို ၂-၁ နဲ့အနိုင်ယူထားနိုင်ခဲ့ပါတယ်။
နွေရာသီအပြောင်းအရွှေ့တုန်းက ပေါင်သန်း ၄၀ နဲ့ ယူနိုက်တက်ထံကနေ ချဲလ်ဆီးထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ အရေးနိမ့်ခဲ့တာက အနီကတ်ကြောင့်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် ဂါနာချိုက ဒီရာသီမှာ မိမိတို့အသင်းဟာ ဆုဖလားတွေစိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ “ဖောရက်စ်အတွက် ခက်ခဲတဲ့အခိုက်အတန့်ပါ။ ဒါပေမယ့် ဘောလုံးမှာက ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ သူတို့နိုင်ပွဲမရပေမယ့် သူတို့မှာကစားသမားကောင်းတွေရှိနေပါတယ်။ သူတို့လည်း အနိုင်ရချင်နေမှာပါ။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ လက်ရှိအဆင့်ရပ်တည်မှုမှာလည်း ကျွန်တော်တို့ အာဆင်နယ်နဲ့ ၅ မှတ်ပဲကွာဟနေပါတယ်။
ယူနိုက်တက်ကိုအရေးနိမ့်ခဲ့တာက အနီကတ်ကြောင့်ပါ။ ဥပမာ ဘရိုက်တန်နဲ့ပွဲတုန်းကဆို ကျွန်တော်တို့ အနိုင်ရခဲ့သင့်တာပါ။ ပြီးတော့ ယူနိုက်တက်နဲ့ပွဲပေါ့။ ၁၁ ယောက်ချင်းသာ ကစားရမယ်ဆိုရင် ကျွန်တော်တို့စင်ပေါ်ကပါ။ ဒါပေမယ့် ကျွန်တော်တို့ အဆင်ပြေပါတယ်။ လီဗာပူးနဲ့ပွဲမှာ ကျွန်တော်တို့ အရှိန်အဟုန်ကောင်းတစ်ခုတည်ဆောက်နိုင်ခဲ့ပါတယ်။ လိဂ်ဖလား နဲ့ လက်ကျန်ဆုဖလားတွေအတွက် ကျွန်တော်တို့စိန်ခေါ်နိုင်တယ်လို့ ထင်ပါတယ်။ အနည်းဆုံးဆုဖလား ၁ လုံးတော့ ရယူချင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းအနေအထားအရ ကြီးမားတဲ့ဆုဖလားတွေကို တိုက်ပွဲဝင်နိုင်မယ်လို့ ထင်ပါတယ်”လို့ ဂါနာချိုက ပြောကြားခဲ့ပါတယ်။