
နေမာကိုကျော်ဖြတ်ပြီး နိုင်ငံတကာဘောလုံးလောကမှာ ဂိုးဖန်တီးမှုအများဆုံးစံချိန်မှတ်တမ်းကို ရရှိခဲ့တဲ့ မက်ဆီ
ဗုဒ္ဓဟူးနေ့နံနက်က ပွာတိုရီကိုကို ၀-၆ နဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာ ဘရာဇီးကြယ်ပွင့် နေမာဂျူနီယာကိုကျော်ဖြတ်ပြီး နိုင်ငံတကာဘောလုံးလောကရဲ့ ဂိုးဖန်တီးမှုအများဆုံးစံချိန်မှတ်တမ်းကို ရရှိခဲ့ပါတယ်။
ယခင်က နေမာဟာ ဘရာဇီးအသင်းအတွက် ဂိုးဖန်တီးမှု ၅၈ ကြိမ်အထိပြုလုပ်ပြီး နိုင်ငံတကာဘောလုံးလောကအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်နဲ့ရပ်တည်ခဲ့ပေမယ့် ယခုအခါမှာ မက်ဆီက ၅၉ ကြိမ်နဲ့ သူ့ရဲ့ကလပ်အသင်းဖော်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွာတိုရီကိုနဲ့ပွဲစဉ်မှာ မက်ဆီဟာ ပထမပိုင်းအတွင်းမှာပဲ အသင်းဖော်ဂွန်ဇာလိုမွန်တီရယ်အတွက် ဂိုးဖန်တီးမှုစတင်ပြုလုပ်ပြီး နေမာနဲ့တူညီတဲ့စံချိန်ကိုရရှိခဲ့ကာ ဒုတိယပိုင်းမှာတော့ မာတီနက်ဇ်အတွက် နောက်ထပ်ဂိုဖန်တီးမှုထပ်မံပြုလုပ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မက်ဆီဟာ နေမာကိုသာမက အမေရိကန်လက်ရွေးစင်အသင်းအတွက် ၂၀၀၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း နေမာနဲ့စံချိန်တူ ဂိုးဖန်တီးမှု ၅၈ ကြိမ်ပြုလုပ်ထားနိုင်တဲ့ ကစားသမားဟောင်း လန်ဒန်ဒိုနိုဗန်ကိုပါ တစ်ခါတည်းကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာတာနဲ့အမျှ မက်ဆီရဲ့ခြေစွမ်းကလည်း တောက်လျှောက်ဆိုသလို တိုးတက်လာခဲ့တာဖြစ်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားအပြီး နောက်ထပ်အောင်မြင်မှုတွေထပ်မံရရှိဖို့ အလားအလာတွေရှိလာခဲ့ပြီဖြစ်ပါတယ်။
မက်ဆီအနေနဲ့ ယခုအခါမှာ အသက်-၃၈ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် တည်ငြိမ်တဲ့စွမ်းဆောင်ရည် မလျော့ကျတဲ့ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တာကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ သက်ရှိထင်ရှား ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သူ့ရဲ့အဆင့်အတန်းကို ဆက်လက်သက်သေပြသနေဆဲဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။