နေမာကို ဘာကြောင့်ချန်လှပ်ခဲ့ရသလဲဆိုတာ ရှင်းပြလာတဲ့ ဘရာဇီးနည်းပြ အန်ဆယ်လော့တီ
ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီက မတ်လအတွင်း ကစားမယ့် ခြေစမ်းပွဲတွေအတွက် နေမာကို ဘာကြောင့်မခေါ်ယူခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြလာပါတယ်။
အသက် ၃၄ နှစ်အရွယ်နေမာဟာ ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်တွေအတွက် ဘရာဇီးအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာလိမ့်မယ်လို့ သတင်းဌာနတော်တော်များများမှ ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့လည်း အန်ဆယ်လော့တီကတော့ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီတောင်ပံကစားသမားကို အသင်းဆီပြန်ခေါ်ဖို့ ခွင့်မပြုခဲ့ပါဘူး။
အခုအခါမှာတော့ အန်ဆယ်လော့တီက နေမာကို ချန်လှပ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်ပေးလာခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ပါဝင်ဖို့ အခွင့်အလမ်းရှိနေသေးတယ်လို့လည်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
"နေမာရဲ့ခြေစွမ်းက ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေမယ်ဆိုရင် ကမ္ဘာ့ဖလားဆီ သွားနိုင်ပါလိမ့်မယ်။ အခု သူ့ကိုမခေါ်တာက သူ့ရဲ့ကြံ့ခိုင်မှု ရာနှုန်းပြည့်မပြည့်၀သေးလို့ပဲ ဖြစ်ပါတယ်" လို့ အန်ဆယ်လော့တီက ဆိုပါတယ်။
"ကျွန်တော်တို့က ခြေစွမ်းပိုင်းအကောင်းဆုံးအခြေအနေမှာရှိတဲ့ ကစားသမားတွေကို လိုအပ်ပါတယ်။ နေမာကိုယ်တိုင် ဆက်ပြီး ကြိုးစားရမယ်၊ ပွဲတွေ ကစားရမယ်၊ သူ့ရဲ့အရည်အချင်းတွေကို ပြသရမယ်၊ ပြီးတော့ ကြံ့ခိုင်မှုအပြည့်ရှိနေဖို့ လိုပါတယ်" လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။