မိုဆာလက်ကိုခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်တာဝန်ရှိသူတွေ စိတ်ဝင်စားဖွယ်မရှိ
လီဗာပူးအသင်းမှထွက်ခွာလာတော့မယ့် တိုက်စစ်မှူးမိုဆာလက်ကိုခေါ်ယူဖို့ဆော်ဒီပရိုလိဂ်တာဝန်ရှိသူတွေ စိတ်မဝင်စားဘူးလို့ သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။
အီဂျစ်ကြယ်ပွင့်မိုဆာလက်က အန်ဖီးလ်မှာ ကိုးနှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် အခုဘောလုံးရာသီကုန်ဆုံးချိန် လီဗာပူးအသင်းမှ ထွက်ခွာတော့မယ်လို့ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ကြေညာခဲ့ပါတယ်။
ဒီနွေရာသီမှာ ဆော်ဒီပရိုလိဂ်ဆီ မိုဆာလက် ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အမည်မဖော်လိုသူလိဂ်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကတော့ ဝါရင့်တိုက်စစ်မှူးကို သူတို့လိဂ်ရဲ့အပြောင်းအရွှေ့မူဝါဒသစ်နဲ့ မကိုက်ညီဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
WinWin သတင်းဌာနနဲ့တွေ့ဆုံချိန် ဆော်ဒီပရိုလိဂ်ဒါရိုက်တာတစ်ဦးက "ကျွန်တော်တို့လိဂ်ရဲ့အမြင်အရပြောရရင် နောင်တစ်ချိန်မှာ အပြောင်းအရွှေ့စျေးကွက်ဝင်နိုင်စွမ်းရှိတဲ့ လူငယ်ကစားသမားတွေကိုပဲ ခေါ်ယူသွားမယ်ဆိုတဲ့ လတ်တလောမူဝါဒသစ်နဲ့ မိုဆာလက်က ကိုက်ညီမှု မရှိပါဘူး" လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီအသင်းဆီ မိုဆာလက် ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့သတင်းတွေ အခုသီတင်းပတ်အတွင်း ထွက်ပေါ်နေပါတယ်။