The network connection is lost.

Banner Image

စပိန်ကလပ် အယ်လ်ဒန်ဆီရဲ့ အဓိကရှယ်ယာရှင် ဖြစ်လာတဲ့ မက်ဆီ

စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ပေမဲ့ စပိန်ဒုတိယတန်းကလပ် အယ်လ်ဒန်ဆီကို မက်ဆီ အပြီးသတ်ဝယ်ယူလိုက်ပြီလို့ ကြာသပတေးနေ့မှာ သက်ဆိုင်ရာကလပ်အသင်းဘက်မှ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလအတွင်း UE Cornella ကလပ်အသင်းကို ဝယ်ယူခဲ့ပြီးနောက် အသက် ၃၉ နှစ်အရွယ်မက်ဆီက အခုနှစ်အတွင်း စပိန်နိုင်ငံမှာ ဒုတိယမြောက် ကလပ်အသင်းတစ်ခုရဲ့ အဓိကအစုရှယ်ယာရှင် ဖြစ်လာပါတယ်။

လက်ရှိမှာ အင်တာမိုင်ယာမီအတွက် ကစားပေးနေတဲ့ အာဂျင်တီးနားနဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းက ယခင်ရှယ်ယာအများစုပိုင်ရှင်ဖြစ်တဲ့ ကိုလံဘီယာရင်းနှီးမြှုပ်နှံမှု အဖွဲ့တစ်ခု ပိုင်ဆိုင်ထားတဲ့ အယ်လ်ဒန်ဆီရဲ့ရှယ်ယာအားလုံးကို ဝယ်ယူဖို့ ပြီးခဲ့တဲ့လအတွင်း သဘောတူညီမှု ရရှိခဲ့ပါတယ်။

"Club Deportivo Eldense ကလပ်အသင်းကို မက်ဆီ ဝယ်ယူလိုက်ပြီဆိုတာ တရားဝင်ကြေညာလိုပြီး ဒါက နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ကလပ်အသင်းတစ်ခုရဲ့ သမိုင်းကြောင်းမှာ စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံး အခန်းကဏ္ဍသစ်တစ်ခု စတင်လိုက်ခြင်း ဖြစ်ပါတယ်" လို့ ၁၉၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အယ်လ်ဒန်ဆီအသင်းရဲ့ဝက်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

ဒီအပြောင်းအလဲကြောင့် အခုရာသီ၊ စပိန်ဒုတိယတန်း(ဆီဂန်ဒါ)မှာ ခုနစ်ပွဲကစားပြီးချိန်၊ လေးပွဲရှုံးနိမ့်ကာ အမှတ်ပေးဇယားအဆင့်-၁၉ နေရာ ရောက်ရှိနေတဲ့ အယ်လ်ဒန်ဆီအတွက် တန်းဆင်းဇုန်လွတ်မြောက်အောင် ရုန်းကန်နိုင်ဖို့ စိတ်ဓါတ်ခွန်အားတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။