စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်နေရတဲ့ ဖာနန်ဒက်ဇ်
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်စ်က သူဟာ စိတ်ပညာရှင်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဒီအပတ်အတွင်းမှာ ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
အန်ဇိုကို ရီးရဲလ်မက်ဒရစ်လို အသင်းကြီးတွေက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ပရိသတ်တွေ သတိမထားမိတတ်တဲ့ ဘောလုံးလောကရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူက အင်တာဗျူးတစ်ခုမှာ အခုလို ရိုးရိုးသားသား ဖြေကြားခဲ့တာပါ။
GOAL သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘင်ဖီကာကြယ်ပွင့်ဟောင်း အန်ဇိုဟာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုကို အာဂျင်တီးနားနဲ့အတူ မကိုင်မြှောက်နိုင်ခင် လအနည်းငယ်အလိုကတည်းက စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေဆီမှာ အကူအညီ ရယူခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
"ကျွန်တော် ကမ္ဘာ့ဖလားမတိုင်ခင် ၃ လလောက်အလိုကတည်းက စိတ်ပညာရှင်နဲ့ စတင်တွေ့ဆုံခဲ့တာပါ။ အဲဒါက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပါတယ်။ ကိုယ်ဖြစ်ပျက်နေတာတွေ၊ ကိုယ့်ရဲ့ ခံစားချက်တွေ၊ နေ့စဉ် ဘာတွေလုပ်ဖြစ်တယ် ဆိုတာတွေအပြင် စိတ်ဓာတ်ကျလာတဲ့အခါ ဘာတွေဖြစ်တတ်လဲဆိုတာကို တစ်ယောက်ယောက်ကို ဖွင့်ပြောပြီး ထုတ်ဖော်ပြသခွင့် ရခဲ့ပါတယ်" လို့ အန်ဇိုက ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "ပထမတော့ အဖွဲ့လိုက် ဆွေးနွေးမှုတွေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ တစ်ဦးချင်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ပိုပြီးသိမြင်လာအောင် အများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုပြီး သက်သာကောင်းမွန်လာတာကို ခံစားရလို့ အခုဆိုရင် ဒါကို မလုပ်ဘဲ မနေနိုင်တော့ပါဘူး။ ကလေးငယ်တွေကိုလည်း တစ်ခုခုဆိုရင် ဖြေရှင်းနည်း ရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ ရတယ်ဆိုတာကို ဒီအခွင့်အရေးကနေတစ်ဆင့် ပြောပြချင်ပါတယ်" လို့ တိုက်တွန်းခဲ့ပါတယ်။
အန်ဇိုဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားထားပြီး ၁၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ အသင်းအတွက်တော့ အခုရာသီဟာ ဆိုးရွားလွန်းတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။
နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာသလို သူနဲ့ပတ်သက်တဲ့ သတင်းတွေလည်း အမျိုးမျိုး ထွက်ပေါ်နေတာကြောင့် ဘက်ပေါင်းစုံက ဖိအားတွေကြားမှာ ရုန်းကန်နေရတဲ့ အန်ဇိုအနေနဲ့ ရာသီပိတ်ခါနီး လက်ကျန်အချိန်တွေမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပိုပြီး လိုအပ်နေနိုင်ပါတယ်။