The network connection is lost.

Banner Image

ဆက်စ်ကိုက ယူနိုက်တက်အတွက်မလိုအပ်တဲ့ခေါ်ယူမှုဖြစ်တယ်လို့ ပြောကြားလာတဲ့ ရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုဟာ အသင်းအတွက်မလိုအပ်တဲ့ကစားသမားဖြစ်တာကြောင့် အဆိုပါခေါ်ယူမှုအပေါ် မေးခွန်းထုတ်လာခဲ့ပါတယ်။ 

နည်းပြရူဘင်အာမိုရင်ရဲ့ ခေါ်ယူမှုနဲ့အတူ ဆက်စ်ကိုဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်မှာ ဘရိုင်ယန်အမ်ဘွေမို၊ မားသီးယက်စ်ကွန်ညာတို့နဲ့အတူ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဆက်စ်ကိုရောက်ရှိလာခဲ့တာကြောင့် ယူနိုက်တက်ရဲ့တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းအနေနဲ့လည်း ပုံမှန်နေရာရဖို့အတွက် နာပိုလီသို့ တစ်ရာသီအငှားစာချုပ်နဲ့ ထွက်ခွာခဲ့ရပြီး ရာသီကုန်မှာတော့ အပြီးသတ်ပြောင်းရွှေ့သွားဖွယ်ရှိနေပါတယ်။

ဆက်စ်ကိုအနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်မှာခြေစွမ်းပြသဖို့ရုန်းကန်နေရပြီး ယခုနောက်ပိုင်းရောက်မှသာ ၂ ပွဲဆက်ဂိုးသွင်းပြီး ပုံမှန်ခြေစွမ်းကိုပြန်လည်ရရှိထားတာဖြစ်ပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်က ဂိုးတွေသွင်းနေပြီဖြစ်ပေမယ့် ယခုအခါမှာ ရှမိုက်ကယ်ကတော့ သူ့ကိုခေါ်ယူခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်အပေါ် ဘဝင်မကျဘဲ မေးခွန်းထုတ်မှုတွေပြုလုပ်လာခဲ့ပါတယ်။

ရှမိုက်ကယ်က "ကျွန်တော်အမြဲတမ်းပြောနေတာရှိပါတယ်။ အဲဒါကတော့ အခွင့်အရေးသာအပြည့်အဝရမယ်ဆိုရင် ဟွိုက်လန်းက ယူနိုက်တက်အတွက်တစ်ရာသီကို အနည်းဆုံး ၂၅ ဂိုးလောက်သွင်းပေးနိုင်မယ့်ကစားသမားမျိုးဆိုတာပါပဲ။ အခုတော့ ပြီးခဲ့တဲ့ရာသီကဂိုးသွင်းနှုန်းကျဆင်းသွားတာကိုကြည့်ပြီး သူ့ကိုအသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပါတယ်"

"ဟွိုက်လန်းအတွက် အကူအညီပေးနိုင်မယ့် အမ်ဘွေမိုနဲ့ ကွန်ညာတို့လို ကစားသမားတွေခေါ်ယူပြီးကာမှ ယူနိုက်တက်က ဆက်စ်ကိုကိုမလိုအပ်ဘဲထပ်ခေါ်ခဲ့ပါတယ်။ ဆက်စ်ကိုအတွက်ယူနိုက်တက်က ပေါင်သန်း ၇၀ ကျော်အသုံးပြုခဲ့ပြီး လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းကိုတော့ မဖြည့်နိုင်ခဲ့ပါဘူး။ ပြီးတော့ ကမ္ဘာ့အဆင့်ဂိုးသမားခေါ်ယူနိုင်မယ့်အခွင့်အရေးနဲ့လည်းလွဲချော်ခဲ့ပါတယ်"

"ဒါကြောင့်ကျွန်တော်မေးချင်တာက ဘာလို့ မလိုအပ်တဲ့ကစားသမားတစ်ယောက်ကို ယူနိုက်တက်က ခေါ်ယူခဲ့တာပါလဲ" လို့ပြောကြားခဲ့ပါတယ်။ ရှမိုက်ကယ်အနေနဲ့ အခုလို ချက်ကျလက်ကျထောက်ပြပြီး ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် အာမိုရင်အနေနဲ့တော့ သူခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးသစ်ကို ယုံကြည်မှုရှိနေဆဲဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲစဉ်မှာလည်း ဂိုးတွေဆက်သွင်းနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။