
မာတီနက်ဇ်တစ်ယောက် ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာရရှိခဲ့တယ်လို့ ယူနိုက်တက်အတည်ပြု
ယူနိုက်တက်အသင်းကတော့ နောက်ခံလူ မာတီနက်ဇ်တစ်ယောက် ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ အသက် ၂၇ နှစ်သားဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း အဆိုပါဒဏ်ရာရရှိခဲတာဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း အာမိုရင်က မာတီနက်ဇ်အခြေအနေက အဆိုးဝါးဆုံးအခြေအနေလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့မှာ အသင်းဘက်က မာတီနက်ဇ်အခြေအနေကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ “စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် မာတီနက်ဇ်တစ်ယောက် အရွတ်ကြောဒဏ်ရာရခဲ့တာပါ။ ကျွန်တော်တို့ ကုသမှု နဲ့ ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်နေပါတယ်။ ယူနိူက်တက်မှာရှိတဲ့သူတိုင်းကလည်း မာတီနက်ဇ်အတွက် ဆုတောင်းပေးနေကြပါတယ်။ သူအမြန်ဆုံးပြန်လာနိုင်အောင် ကျွန်တော်တို့ ထောက်ပံ့ပေးသွားမှာပါ”လို့ ယူနိုက်တက်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မာတီနက်ဇ်မပါဝင်နိုင်တာကြောင့် အာမိုရင်အနေနဲ့ ခံစစ်ပိုင်းအတွက် ပြင်ဆင်ရဖွယ်ရှိနေပါတယ်။ အာဂျင်တိုင်းသားဟာ ကွင်းအတွင်းမှာကော ခံစစ်ပိုင်းဦးဆောင်ရာမှာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရှိနေပါတယ်။ မာတီနက်ဇ်ဒဏ်ရာရခဲ့သလို လုခ်ရှောဒဏ်ရာအခြေအနေကလည်း စိုးရိမ်နေရတာဖြစ်ပြီး ဘယ်နောက်ခံလူနေရာအတွက် ရွေးချယ်စရာလူအင်အားနည်းပါးခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပဲလေ့စ်ကိုအရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ စွမ်းဆောင်ရည်ကျဆင်းနေပြီး ရလဒ်တွေဆိုးဝါးလျှက်ရှိနေတာဖြစ်ပါတယ်။ လက်ရှိအဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ဒီရာသီအိမ်ကွင်း ၁၃ ပွဲမှာ ၇ ပွဲအထိ အရေးနိမ့်ထားခဲ့ကာ အသင်းအတွက်တော့ စိုးရိမ်စရာလက္ခဏာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။