The network connection is lost.

Banner Image

အက်စတွန်ဗီလာမှာ ရုန်းကန်နေရတဲ့ဆန်ချိုဘက်ကနေ ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာတဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်နဲ့ တော့တင်ဟမ်ကစားသမားဟောင်း တင်မ်ရှားဝုဒ်တို့ဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး အက်စတွန်ဗီလာမှာ အငှားနဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဘက်ကနေ ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။  ဆန်ချိုဟာ ယူနိုက်တက်မှာပုံစံကောင်းပြသဖို့ရုန်းကန်ခဲ့ရတဲ့အပြင် နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက်မှာလည်း နေရာမရတာကြောင့် ပြီးခဲ့တဲ့နွေရာသီက အိုးလ်ထရက်ဖို့ဒ်နဲ့လမ်းခွဲပြီး အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဆန်ချိုအနေနဲ့ အသင်းဖော်ဟောင်း မားကပ်စ်ရှက်ရှ်ဖို့ဒ်လိုပဲ ဗီလာမှာ ပြန်လည်တောက်ပလာမယ်လို့ ယူဆခဲ့ကြပေမယ့် ကစားသမားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်စီးတီးကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းကောင်းကိုပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ အဆိုပါပွဲစဉ်မှာဆန်ချိုဟာ ပွဲကစားချိန် ၂၉ မိနစ်မှာပဲ ဒဏ်ရာရရှိသွားတဲ့အသင်းဖော် အီမီလီယာနိုဘွန်ဒီယာရဲ့နေရာမှာ လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရပါတယ်။ 

ထို့နောက် ပွဲကစားချိန် ၇၄ မိနစ်မှာတော့ ဆန်ချိုဟာ ပြန်လည်လူစားလဲခံခဲ့ရပြီးနောက် အသင်းနည်းပြ အူနိုင်းအမ်မရီကိုပါ လက်ဆွဲနှုတ်ဆက်ခြင်းမရှိဘဲ စိတ်ပျက်လက်ပျက်အမူအရာနဲ့ ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားရဲ့လက်ရှိအခြေအနေနဲ့ ခြေစွမ်းဟာ စိုးရိမ်စရာဖြစ်နေပေမယ့် စခိုးလ်နဲ့ရှားဝုဒ်တို့ကတော့ သူ့ဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

ရှားဝုဒ်က "ကျွန်တော်သူ့ကိုသဘောကျပါတယ်။ ကျွန်တော်သူနဲ့လူချင်းမရင်းနှီးပေမယ့် သူ့မှာ အရည်အသွေးတွေအများကြီးရှိတယ်ဆိုတာ ကျွန်တော်ရိပ်စားမိပါတယ်" လို့ပြောကြားခဲ့ပြီး စခိုးလ်ကလည်း "သူ့မှာ အရည်အသွေးတွေရှိတယ်ဆိုတာအမှန်ပါပဲ" လို့ထောက်ခံခဲ့ပါတယ်။  ဆက်လက်ပြီး ရှားဝုဒ်က "သူ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့လိုအပ်ပါတယ်။ တည်ငြိမ်ပြီး တသမတ်တည်ဖြစ်တဲ့ ကစားခွင့်ရရင် အသင်းအတွက်သူက ကစားဖို့လုံလောက်တဲ့စွမ်းရည်ရှိပါတယ်။ ဗီလာမှာမှမဟုတ်ပါဘူး။ ဘယ်အသင်းမှာမဆို သူကစားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

စခိုးလ်နဲ့ရှားဝုဒ်တို့က ဆန်ချိုမှာအရည်အသွေးရှိကြောင်း ကာကွယ်ပြောဆိုခဲ့ကြပေမယ့် ဗီလာမှာတော့ ကစားသမားဟာ ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာကြောင့် အပြီးသတ်ရောင်းချနိုင်ဖို့သာ အာရုံထားနေတဲ့ယူနိုက်တက်အနေနဲ့ ရာသီကုန်မှာ ကစားသမားကို အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူသွားရဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ တောင်ပံကစားသမားတွေဖြစ်တဲ့ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကို အားကိုးအားထားပြုထားနိုင်ပြီဖြစ်လို့ ရာသီကုန်မှာ ဆန်ချိုကိုပြန်လည်ခေါ်ယူဖို့တော့ စိတ်ဝင်စားဖွယ်မရှိပါဘူး။