The network connection is lost.

Banner Image

ယူနိုက်တက်ကိုအရေးနိမ့်ပြီးနောက် ပဲလေ့စ်ရဲ့ကစားသမားအင်အားဖြည့်တင်းမှု လျော့နည်းခဲ့ပုံကို ဂလက်စ်နာဝေဖန်

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်ဂိုးသွင်းပြီးကာမှ ပြန်လည်ရှုံးနိမ့်ခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာက အသင်းရဲ့ကစားသမားအင်အားဖြည့်တင်းမှု အားနည်းခဲ့ပုံကို အပြစ်တင်ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ပဲလေ့စ်ဟာ ပထမပိုင်းအတွင်း မာတီတာရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ယူနိုက်တက်ကို ဦးဆောင်ပြီး အသာစီးရယူနိုင်ခဲ့ပေမယ့် ကြားရက်မှာ ယူရိုပါကွန်းဖရန့်လိဂ်ကစားထားခဲ့ရတာကြောင့် ဒုတိယပိုင်းမှာ ကစားသမားတွေ သိသိသာသာပင်ပန်းနွမ်းနယ်နေခဲ့ကြပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ ယူနိုက်တက်က ပွဲကိုအသာစီးရယူနိုင်ခဲ့ပြီး လိုအပ်နေတဲ့ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်လည်သွင်းယူပြီး အနိုင်ယူခဲ့ကာ ပဲလေ့စ်ရဲ့ ၁၂ ပွဲဆက်အိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယခုရှုံးပွဲကြောင့် ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာအထိ ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဂလက်စ်နာက နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်တွေခေါ်ယူပြီး ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ခဲ့တဲ့ အသင်းရဲ့ဘုတ်အဖွဲ့ကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

ဩစတြီးယားလူမျိုးနည်းပြက "အသင်းအနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲကစားရတော့မယ်ဆိုရင် ကစားသမားသစ်တွေခေါ်ယူပြီး ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ချွေတာနေတာမျိုး မလုပ်သင့်ပါဘူး။ ကျွန်တော်တို့အသင်းက အတော်လေးပုံစံကောင်းရနေပါပြီ။ ပရီးမီးယားလိဂ်မှာရော၊ အခြားပြိုင်ပွဲ ၃ ခုစလုံးမှာပါ အခြေအနေကောင်းနေတာပါ။ ဒါပေမယ့် လာမယ့်ဇန်နဝါရီမှ ကစားသမားသစ်ခေါ်မယ်ဆိုရင်တော့ အရမ်းနောက်ကျသွားပါလိမ့်မယ်။ အဲဒီအချိန်လောက်ဆို ကျွန်တော်တို့က ဒီရာသီပွဲစဉ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကိုကစားပြီးလောက်ပါပြီ"

"ဒီနေ့ပွဲမှာ အစ္စမေလာဆား ဒဏ်ရာရသွားပါတယ်။ သူက အာဖရိကဖလားပြိုင်ပွဲအတွက်လည်း သွားရဦးမှာဆိုတော့ ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ပြဿနာက အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီနေ့မှာတော့ ပိုကောင်းတဲ့ရာသီတစ်ခုကိုပုံဖော်နိုင်ဖို့ နွေရာသီမှာ အခွင့်အရေးတွေကိုလက်လွှတ်ဆုံးရှုံးခဲ့တယ်လို့ ပြောရတော့မှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်ကို ပုံစံကောင်းရအောင် ဆက်တိုက်ပြုပြင်လာနိုင်တာဖြစ်ပြီး ရာသီကုန်မှာတော့ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ဥရောပထိပ်သီးကလပ်တွေရဲ့ ချိတ်ဆက်မှုတွေ ရရှိထားပါတယ်။