The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲက စွမ်းဆောင်ရည်ကအကောင်းဆုံးလို့ အာမိုရင် အခိုင်အမာဆို

ယူနိုက်တက်နည်းပြ အာမိုရင်က မိမိတို့အသင်းစွမ်းဆောင်ရည်ဟာ လီဗာပူး ၊ ဘရိုက်တန်တို့နဲ့ပွဲတွေထက် အာဆင်နယ်နဲ့ပွဲက စွမ်းဆောင်ရည်က အကောင်းဆုံးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၅ - ၂၆ ရာသီအစမှာ အာဆင်နယ်ကို အိမ်ကွင်းမှာဧည့်ခံခဲ့ရပေမယ့် ၁-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ၃ ပွဲဆက်အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံး ၄ သင်းနေရာနားကို ချဉ်းကပ်လာနိုင်ခဲ့ပါတယ်။ ဘရိုက်တန်ကို ၄-၂ နဲ့အနိုင်ရပြီးနောက် အာမိုရင်က “ဒီရာသီ ကျွန်တော်တို့စွမ်းဆောင်ရည်အကောင်းဆုံးပွဲက အာဆင်နယ်နဲ့ကန်ခဲ့တဲ့ပွဲပါ။ အဲ့ပွဲက ဘရိုက်တန် ၊ လီဗာပူးနဲ့ပွဲတွေကထက် ပိုပြီးပြည့်စုံခဲ့ပါတယ်။

ခင်ဗျားအနေနဲ့ လီဗာပူးအကြောင်းပြောနိုင်ပေမယ့် သူတို့က အရေးနိမ့်ဖို့မထိုက်တန်ပါဘူး။ ကျွန်တော်တို့အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် သူတို့ အရေးနိမ့်ဖို့ မထိုက်တန်ပါဘူး။ ဘရိုက်တန်နဲ့ပွဲမှာလည်း ကျွန်တော်တို့ အရာအားလုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့သလို ကွင်းထဲမှာခံစစ်လည်း အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကထက် ဒီနေ့ပွဲစွမ်းဆောင်ရည်ကို ပိုကြိုက်ပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။

အာမိုရင်က လုခ်ရှောဟာ ဗိုင်းရပ်စ်ကြောင့် ရုန်းကန်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့နောက် ပွဲကစားချိန် ၆၅ မိနစ်မှာ ဟဲဗန်းနဲ့ လူစားလဲခံခဲ့ရပါတယ်။ အာမိုရင်က လာမယ့်နိုဝင်ဘာ ၁ ရက်နေ့ နော်တင်ဟမ်နဲ့ပွဲမှာ လုခ်ရှောတစ်ယောက် ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“အခုအပတ်အတွင်းမှာ လုခ်ရှောက ဗိုင်းရပ်စ်နဲ့ရုန်းကန်နေရပါတယ်။ သူပွဲအတွင်းမှာလည်း အတူတူပါပဲ။ ဒါပေမယ့် လာမယ့်အပတ်အတွက်တော့ သူအဆင်ပြေနိုင်ပါတယ်။ အမ်ဘွီမိုက အလုပ်လုပ်တဲ့စက်နဲ့ဆင်တူပါတယ်။ သူက အလှည့်အပြောင်းတွေမှာ ကောင်းပါတယ်။ ပြီးတော့ ပြိုင်ဘက်ဧရိယာထဲမှာ အဆုံးသတ်မှုလည်း တိုးတက်လာပါတယ်။ ဒီယာလိုနဲ့ချိတ်ဆက်မှုလည်း ကောင်းလာပါတယ်။  ဒီကောင်လေး ၂ ယောက်ကိုအနိုင်ကန်ဖို့ဆိုတာ ခက်ခဲလာပါပြီ။ ဘာလို့လဲဆိုတော့ သူတို့က နေရာအမြဲပြောင်းလဲကစားနေတာပါ။ တစ်ဦးချင်းလည်း ကောင်းလာကြပါတယ်”လို့ အာမိုရင် ထပ်လောင်းပြောကြားခဲ့ပါတယ်။

အမ်ဘွီမိုကပွဲအပြီးမှာ “ဒီနေရာကကစားရတာ ကျွန်တော်အများကြီးနှစ်သက်ပါတယ်။ အစပိုင်းက မလွယ်ကူခဲ့ပါဘူး။ ပတ်ဝန်းကျင်အသစ် ၊ စိန်ခေါ်မှုအသစ်တွေကြောင့် ခက်ခဲပါတယ်။
အခုတော့ လမ်းကြောင်းအမှန်ပေါ်ရောက်လာပါပြီ။ ပေါင်းစည်းမှုက ကွင်းထဲမှာ အဓိကသော့ချက်ဖြစ်လာပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်အောင် ကြိုးစားရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။