The network connection is lost.

Banner Image

စီးရီးအေဆုဖလားကို နာပိုလီဆွတ်ခူးမယ်လို့ ကြိုသိနေကြောင်း ပြောကြားလာတဲ့ လူကာကူ

 ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄-၂၅ စီးရီးအေ ရာသီပိတ်ပွဲစဉ်မှာ ကာဂလီယာရီကို ၂-၀ နဲ့အနိုင်ရကာ အမှတ်ပေးချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာပိုလီတိုက်စစ်မှူး ရိုမီလူ လူကာကူက အသင်းအနေနဲ့ ဆုဖလားရရှိမယ်လို့ ကြိုသိထားခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ယခုနှစ်ရာသီ စီးရီးအေဆုဖလားကို ဘယ်အသင်းဆွတ်ခူးမယ်ဆိုတာ နောက်ဆုံးပွဲမှသာ အဖြေပေါ်ခဲ့တာဖြစ်ပြီး နာပိုလီဟာ အင်တာမီလန်ကို ရမှတ် ၁ မှတ်နဲ့ အသာစီးရပြီး ချန်ပီယံဆုကို ပွတ်ကာသီကာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ နာပိုလီအတွက်ဦးဆောင်ဂိုးကို ကွင်းလယ်လူ စကော့မက်တိုမီနေးက ပွဲကစားချိန် ၄၂ မိနစ်မှာ စတင်သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းအစ ၅၂ မိနစ်မှာတော့ လူကာကူက အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ 

ပွဲအပြီးမှာ လူကာကူက “ကျွန်တော်အခု ခံစားနေရတာတွေ အများကြီးပါပဲ။ ကျွန်တော်တို့ အများကြီးကြိုးစားခဲ့ကြပြီး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အရမ်းအရေးပါတဲ့ ဆုဖလားတစ်လုံးပါ။ ကျွန်တော်တို့ တစ်သင်းလုံးစုပေါင်းပြီး ရခဲ့တဲ့ဖလားပါ။ ကျွန်တော်က ဒီအသင်းရဲ့ သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုပါပဲ။ အသင်းရဲ့ကစားသမားတိုင်းက အရမ်းအရေးပါခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လူကာကူ နည်းပြအန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာ အတော်လေးအထင်ကြီးစရာစွမ်းဆောင်ရည်ကို ပြသထားနိုင်ပြီး ၁၃၃ ပွဲကစားထားရာမှာ ၇၈ ဂိုးသွင်း၊ ၂၇ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်အတွင်း ၂-၀ နဲ့ဦးဆောင်ထားချိန်မှာတော့ လူကာကူအနေနဲ့ ကြိုတင်အောင်ပွဲမခံဖို့ အသင်းဖော်တွေကို လိုက်လံတားမြစ်ခဲ့ပါတယ်။  ဆက်လက်ပြီး ဘယ်လ်ဂျီယံသားက “ကျွန်တော် အသင်းဖော်တွေကို ပွဲပြီးတဲ့အထိ စောင့်ဖို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ငယ်ငယ်တုန်းက ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲကို ကြည့်ခဲ့ဖူးလို့ပါ။ အဲဒီအချိန်ကတည်းက ဒိုင်လူကြီးရဲ့ ဝီစီသံ မကြားမချင်း အောင်ပွဲမခံဖို့ ကျွန်တော်သင်ခန်းစာရခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံးမိနစ်အထိ ယူနိုက်တက်ကို ၁-၀ နဲ့နိုင်ထားခဲ့ပေမယ့် ၂ ဂိုးအထိ ဆက်တိုက်ခွင့်ပြုခဲ့ရပြီး ဆုဖလားနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာအနိုင်ရပြီး ဆုဖလားကိုဆွတ်ခူးနိုင်မယ်ဆိုတာ ကြိုသိနေကြောင်းကိုလည်း လူကာကူက “ပွဲအစမှာကတည်းက ကျွန်တော်တို့ ဒီပွဲမှာ အနိုင်ရမယ်ဆိုတာ ကြိုသိနေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ရင့်ကျက်မှုကို ပြသနိုင်ခဲ့ပါတယ်။ အင်တာမီလန်ကို အိမ်ကွင်းမှာ သရေကစားခဲ့ပြီးကတည်းက ဒီဆုဖလားအတွက် ကျွန်တော်တို့မှာ အခွင့်အရေးရှိနေတယ်လို့ ယုံကြည်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

မကြာသေးမီက နာပိုလီဟာ ရာသီကုန်မှာ မန်စီးတီးမှထွက်ခွာမယ့် ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ယခုအခါမှာ ဒီဘရိုင်းကို ခေါ်ယူဖို့ ရှိမရှိ လူကာကိုမေးမြန်းခဲ့ရာ ဘယ်လ်ဂျီယံသားက “ကျွန်တော် ဘာမှတ်ချက်မှမပေးချင်ပါဘူး” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။