သူ့အပေါ် ပရိသတ်တွေစိတ်ရှည်ပေးကြဖို့ တောင်းဆိုလိုက်တဲ့ ရိုဆင်နာ
ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ လီယမ်ရိုဆင်နာက ဝေဖန်သံတွေ အမျိုးမျိုးထွက်ပေါ်နေတာကြောင့် ပရိသတ်တွေအနေနဲ့ စိတ်ရှည်ပေးကြဖို့ တောင်းဆိုလိုက်ပြီး အရင်က အမြင်တွေနဲ့မဆုံးဖြတ်ဘဲ ကွင်းထဲကစွမ်းဆောင်ရည်တွေနဲ့ပဲ တိုင်းတာပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီနည်းပြဟာ အရင်က ချဲလ်ဆီးရဲ့ တွဲဖက်ကလပ်ဖြစ်တဲ့ စထရာဘော့မှာ တာဝန်ယူခဲ့သူဖြစ်ပြီး သူဟာ မော်ရင်ဟို၊ အန်ဆယ်လော့တီ ဒါမှမဟုတ် ကွန်တီတို့လို ဆုဖလားတွေ အကြိမ်ကြိမ်ရယူပေးနိုင်ခဲ့တဲ့ ချဲလ်ဆီးနည်းပြဟောင်းကြီးတွေနဲ့ တစ်တန်းတည်း မဟုတ်သေးဘူးဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ပါတယ်။
ရိုဆင်နာက မော်ရင်ဟို နာမည်ကြီးလာပုံကို ရည်ညွှန်းပြီး "နာမည်တစ်ခု မရခင်အထိတော့ ခင်ဗျားက ဘာမှမဟုတ်သေးပါဘူး" လို့ ပြောကြားခဲ့သလို ဒီရာထူးနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ အပြည့်အဝ အာရုံစိုက်ထားတယ်လို့လည်း အလေးအနက် ပြောသွားခဲ့ပါတယ်။ ရိုဆင်နာက "ကျွန်တော်က အမှားလုပ်မိမှာကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့နဲ့ တိုက်စစ်ဆင်ကစားမယ့် အသင်းတစ်သင်း ဖြစ်စေချင်တာပါ" လို့ ပြောဆိုသွားပါတယ်။
ရိုဆင်နာဟာ မာရက်စ်ကာရဲ့ နေရာကို ဆက်ခံတာဖြစ်ပြီး BlueCo အသင်းပိုင်ရှင်တွေလက်ထက်မှာ ဂရေဟမ်ပေါ်တာ နဲ့ ပိုချက်တီနိုတို့လိုပဲ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရသူ ဖြစ်ပါတယ်။ ဒီနည်းပြတွေ အားလုံးဟာလည်း သူတို့ရဲ့ တာဝန်ယူမှုသက်တမ်းအတွင်းမှာ ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရသူတွေ ဖြစ်ပါတယ်။