The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ကာ‌ရေဂါ

လီဗာပူးလ်ကစားသမားဟောင်းကာရေဂါက ချဲလ်ဆီးအသင်းအတွက် နောက်ထပ်ရှုံးပွဲတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အသင်းပိုင်ရှင်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

မနေ့ညပိုင်း၊ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်မှာ တန်းဆင်းဇုန်အန္တရာယ်မှရုန်းထွက်ဖို့ ကြိုးစားနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းက အရန်ကစားသမားအများစုဖြင့် ချဲလ်ဆီးကို အလွယ်တကူအနိုင်ယူသွားခဲ့ပါတယ်။

ခြောက်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးက ပြိုလဲနေတဲ့အသင်းတစ်ခုလို ဖြစ်သွားပြီး အမှတ်ပေးဇယားရဲ့အဆင့်-၉ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီအခြေအနေကို ယာယီနည်းပြမက်ဖာလိန်းကိုယ်တိုင်လည်း ပြောင်းလဲပေးနိုင်ခြင်း မရှိသေးပါဘူး။

ဒါက ရိုဆင်နီယာကို ထုတ်ပယ်ပြီးနောက်ပိုင်း ချဲလ်ဆီးရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပေမဲ့ အပြာရောင်တွေအတွက်တော့ ဘာမှထူးခြားမလာဘဲ ဥရောပဝင်ခွင့်မျှော်လင့်ချက်ပါ လမ်းပျောက်သွားနိုင်ခြေ ရှိနေပါတယ်။

ပွဲစဉ်အပြီးမှာတော့ ကာရေဂါက ချဲလ်ဆီးအသင်းရုန်းကန်နေရမှုတွေအတွက် အသင်းရဲ့ထိပ်ပို်ငးစီမံခန့်ခွဲမှုတာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

“ဒါ တကယ်ကို တုန်လှုပ်စရာ ကောင်းပါတယ်။၊ ထိပ်ပိုင်းစီမံခန့်ခွဲမှုတွေကြောင့် အခုလိုမျိုးတွေ ဖြစ်နေတာပါ။ ဒီနေ့ ကွင်းထဲမှာ ထိပ်တန်းကစားသမား ငါးဦး၊ ခြောက်ဦးလောက်အထိ ပါဝင်နေပေမဲ့ နော်တင်ဟမ်ဖောရက်စ်ရဲ့အရန်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်” လို့ ကာရေဂါက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း သူတို့က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီအက်စ်ဂျီကို အပြတ်အသတ်အနိုင်ယူခဲ့ပါတယ်။ အခုတော့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြားမှာ၊ ကစားသမားတွေနဲ့ ပရိသတ်တွေကြားမှာ ဘာပတ်သက်ဆက်နွှယ်မှုမှ မရှိတော့ဘူး။ တစ်ဖက်မှကြည့်မယ်ဆိုရင် ဘောလုံးဆိုတာ ပိုက်ဆံတွေ အများကြီးသုံးပြီး ကစားသမားတွေ အဆက်မပြတ်ဝယ်နေရုံနဲ့ မရဘူးဆိုတာကို သိစေနိုင်လို့ ဒါ ကောင်းတဲ့အချက်လို့တောင် ပြောလို့ရပါတယ်”

“ဘောလုံးဆိုတာ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရတာပါ။ အခု ချဲလ်ဆီးမှာ စည်းလုံးညီညွှတ်မှု မရှိပါဘူး။ အခုချိန်မှာ သူတို့က ပြိုလဲနေတဲ့ ဘောလုံးကလပ်အသင်းတစ်ခုလို ဖြစ်နေပါပြီ” လို့ သူက ဆက်ပြောခဲ့ပါတယ်။

လတ်တလောမှာ ချဲလ်ဆီးက အမှတ်ပေးဇယားအဆင့်-၉ နေရာမှာရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဇုန်နဲ့ ၁၀ မှတ်အထိ ကွာဟနေပါတယ်။ ဒါကြောင့် သူတို့အတွက် အခုဘောလုံးရာသီက တကယ်ကိုဆိုးရွားလွန်းနေပြီး ဥရောပပြိုင်ပွဲတစ်ခုခုကိုသာ ဝင်ခွင့်မရရှိဘူးဆိုရင် အခြေအနေတွေ ဒီထက်ပိုဆိုးလာနိုင်ပါတယ်။