၁၂၈ ရက်ကြာ အနားယူခဲ့ရပြီးနောက် နာပိုလီအသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီဖြစ်တဲ့ ဒီဘရိုင်း
နာပိုလီအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဒီဘရိုင်းဟာ ပေါင်နောက်ကြောဒဏ်ရာ ကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနေပြီ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးမှာ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ပြီးနောက် နာပိုလီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ နည်းပြ အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာ အခုအချိန်အထိ စီးရီးအေ ၈ ပွဲသာ ကစားပေးနိုင်ပါသေးတယ်။
ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက သူ့ကို အနားယူစေခဲ့တဲ့ ပေါင်နောက်ကြောဒဏ်ရာကြောင့် ဖြစ်ပါတယ်။ ဒဏ်ရာကုသနေစဉ်အတွင်း သူဟာ ဘယ်လ်ဂျီယံနိုင်ငံမှာပဲ အနားယူခဲ့ပြီး ပြီးခဲ့တဲ့လက ဘယ်လ်ဂျီယံရဲ့ ထင်ရှားကျော်ကြားသူများစာရင်း ထဲမှာလည်း ထည့်သွင်းဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။
အီတလီနိုင်ငံကလာတဲ့ သတင်းတွေအရ တိုက်စစ်ကွင်းလယ်လူ ဒီဘရိုင်းကို လာမယ့်သောကြာနေ့ တိုရီနိုနဲ့ပွဲစဉ်အတွက် နည်းပြကွန်တီက လူစာရင်းထဲ ထည့်သွင်းနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အီတလီကလပ်အနေနဲ့ ဒီဘရိုင်းဟာ ကစားဖို့ အသင့်မဖြစ်သေးဘူးဆိုရင်တော့ အတင်းအကျပ် အလျင်စလို ပြန်မကစားခိုင်းဖို့ ဆုံးဖြတ်ထားပါတယ်။
အသက် ၃၄ နှစ်အရွယ် ဒီဘရိုင်းဟာ မန်စီးတီးမှာ ကစားခဲ့စဉ်က ပရီမီယံလိဂ်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဇယားထိပ်က အင်တာမီလန်နဲ့ ၁၄ မှတ်အထိ ကွာဟနေတဲ့ နာပိုလီအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာရအောင် ကူညီပေးနိုင်ဖို့ သူက မျှော်လင့်နေမှာပါ။
ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက် မှာ မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်တဲ့ ဒီဘရိုင်းဟာ လာမယ့်နွေရာသီမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း လက်ရွေးစင်အသင်းအတွက် ကစားသမားဘဝ နောက်ဆုံးအကြိမ်အဖြစ် ပါဝင်ကစားပေးနိုင်ဖို့ ရှိနေပါတယ်။
သူဟာ လာမယ့်သောကြာနေ့မှာပဲ စတာဒီယို ဒီယေဂို အာမန်ဒို မာရာဒိုနာ ကွင်းကြီးဆီ ပြန်လာနိုင်ဖွယ်ရှိနေပြီး ဒါဟာ နာပိုလီပရိသတ်တွေအတွက်တော့ နွေးထွေးတဲ့ ပြန်လည်ကြိုဆိုမှုတစ်ခု ဖြစ်လာမှာ သေချာပါတယ်။