The network connection is lost.

Banner Image

အီတလီစူပါဖလားပွဲစဉ်မှာ နာပိုလီအတွက် ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိတဲ့ လူကာကူ

နာပိုလီတိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေခဲ့ရပြီး ယခုအခါမှာတော့ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နေပြီဖြစ်တာကြောင့် လာမယ့်သောကြာနေ့ အေစီမီလန်နဲ့ယှဉ်ပြိုင်သွားရမယ့် အီတလီစူပါဖလား  ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ချေရှိတယ်လို့ သိရပါတယ်။

တစ်ချိန်က ဥရောပဘောလုံးလောကရဲ့ အထွန်းတောက်ဆုံးသောတိုက်စစ်ကြယ်ပွင့်ဖြစ်ခဲ့ဖူးတဲ့ လူကာကူ ယခုနှစ်ရာသီမစတင်မီ ရာသီကြိုကာလ အိုလံပီယာကို့စ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာရရှိခဲ့တဲ့ ပေါင်ခြံကြွက်သားစုတ်ပြဲဒဏ်ရာကြောင့် ၄ လကျော်အထိ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ယခုနှစ်ရာသီမှာ နာပိုလီအတွက် တစ်ကြိမ်မှပွဲထွက်ကစားခွင့်မရသေးပေမယ့် ယခုအခါမှာ ဒဏ်ရာသက်သာနေပြီဖြစ်တာကြောင့် အေစီမီလန်နဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် စူပါဖလားပွဲစဉ်အတွက် အဆင်သင့်ရှိနေပြီလို့ အီတလီသတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။ 

ယခုအခါမှာ လူကာကူဟာ တနင်္လာနေ့ကတည်းက နာပိုလီရဲ့လေ့ကျင့်ရေးကွင်းသို့ပြန်လည်ရောက်ရှိနေတယ်လို့သိရပြီး လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ပုံမှန်အတိုင်း လုပ်ဆောင်နေပြီလို့ဖော်ပြထားပါတယ်။ ဒါ့အပြင် အသက်-၃၂ နှစ်အရွယ်တိုက်စစ်မှူးဟာ အင်္ဂါနေ့မွန်းလွဲပိုင်းမှာ နာပိုလီလေဆိပ်မှတစ်ဆင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကျင်းပရာ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ ထွက်ခွာသွားပြီလို့သိရပါတယ်။ 

လက်ရှိနာပိုလီရဲ့တိုက်စစ်မှာ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ လိုရန်ဇိုလူကာတို့လို တိုက်စစ်မှူးတွေရှိနေပေမယ့် ယခုအခါမှာ လူကာကူကပါ ပြန်လည်ကစားနိုင်ပြီဖြစ်လို့ နည်းပြအန်တိုနီယိုကွန်တီအတွက် စူပါဖလားအတွက်သာမက စီးရီးအေပြိုင်ပွဲအတွက်ပါ ယှဉ်ပြိုင်နိုင်ဖို့ ပိုမိုအင်အားတောင့်တင်းလာခဲ့ပြီဖြစ်ပါတယ်။ 

စီးရီးအေ၊ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းဖလားပွဲစဉ်တွေအပါအဝင် စုစုပေါင်း ၂၂ ပွဲအထိ လွဲချော်ခဲ့ရတဲ့ လူကာကူအနေနဲ့ လက်ရှိအခြေအနေအရ မိနစ် ၉၀ အပြည့်အဝကစားဖို့ ခက်ခဲနိုင်ပေမယ့် နည်းပြအန်တိုနီယိုကွန်တီကတော့ တတ်နိုင်သလောက်အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။