The network connection is lost.

Banner Image

နည်းပြ အန်တိုနီယိုကွန်တီနှင့် အဆင်မပြေမှုကြောင့် နာပိုလီကို စွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း နိုအာလန်း ဖွင့်ဟ

နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား နိုအာလန်းက သူဟာ နာပိုလီအသင်းကနေ ဂါလာတာစာရေးအသင်းထံ အငှားနဲ့ အမြန်ဆုံးပြောင်းရွှေ့ခဲ့ရတာဟာ နည်းပြ အန်တိုနီယိုကွန်တီနဲ့ ဆက်ဆံရေး တင်းမာခဲ့တာကြောင့် ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် နိုအာလန်းဟာ ပီအက်စ်ဗွီအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ နာပိုလီကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ စီးရီးအေ ချန်ပီယံအသင်းမှာ ၆ လသာ ကြာမြင့်ခဲ့ပြီးနောက် တူရကီထိပ်သီး ဂါလာတာစာရေးအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

အီးအက်စ်ပီအန်ရဲ့ သတင်းအစီအစဉ်တစ်ခုမှာ နိုအာလန်းက သူ ဘာကြောင့် အသင်းကနေ အလျင်အမြန် ထွက်ခွာခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

"ဒါကို ဘယ်လိုပြောရမလဲ... ကျွန်တော် နည်းပြနဲ့ အဆင်မပြေခဲ့ဘူး (I didn't click with the trainer)။ အဲဒီလောက်ပဲ ထားလိုက်ပါတော့" လို့ နိုအာလန်းက ပြောကြားခဲ့ပါတယ်။

နယ်သာလန်မှာဆိုရင် ဒီကိစ္စဟာ သူ့ရဲ့အမှားလို့ ထင်ကြမှာ ဖြစ်ပေမဲ့ တစ်နေ့မှာ အမှန်တရား ပေါ်လာမှာဖြစ်ကြောင်းနဲ့ လောလောဆယ်မှာတော့ အသင်းကလူတိုင်းနီးပါးနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး အသင်းကိုလည်း လေးစားမှုရှိတယ်လို့ သူက ဆိုပါတယ်။

ကွန်တီကိုယ်တိုင် ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပေမဲ့ နည်းပြနဲ့ အခုလို ပြဿနာဖြစ်မယ်လို့ လုံးဝမထင်ထားခဲ့ကြောင်း၊ ဒါဟာ သူ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပေမဲ့ အခုတော့ အတိတ်မှာ ကျန်ခဲ့ပြီလို့လည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

နိုအာလန်းဟာ ဖီယင်နုနဲ့ အိုင်းယက်စ် ယူသ်အကယ်ဒမီတွေမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး အရင်က ဘီဆစ်တက်အသင်းမှာ တစ်နှစ်ကြာ ကစားခဲ့ဖူးတာကြောင့် အစ္စတန်ဘူလ်မြို့ကို ချစ်မြတ်နိုးသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဂါလာတာစာရေးအသင်းက ကမ်းလှမ်းလာချိန်မှာတော့ အသင်းကြီးတစ်သင်းဖြစ်ပေမဲ့ ခြေစွမ်းပြနေဆဲ ဖြစ်တာကြောင့် ၆ လအတွင်း ချက်ချင်းထွက်ခွာဖို့ သူကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

နာပိုလီမှာ ၂၇ ပွဲ ကစားပေးခဲ့ပြီး ၁ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပေးခဲ့တဲ့ နိုအာလန်းက သူ့ရဲ့ ခြေစွမ်းအပေါ် ဝေဖန်မှုတွေကိုလည်း အခုလို ငြင်းချက်ထုတ်ခဲ့ပါတယ်။

"အသင်းက လူ ၁၀ ယောက်မှာ ၉ ယောက်က ကျွန်တော့်ကို မထွက်စေချင်ကြပါဘူး။ ကျွန်တော် နေ့တိုင်း ကြိုးစားလေ့ကျင့်ခဲ့သလို အသင်းဖော်တွေနဲ့လည်း တည့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကစားချိန်တွေအပေါ်မှာ လူတွေက မကောင်းပြောခဲ့ကြတာကိုတော့ ကျွန်တော် လုံးဝသဘောမတူပါဘူး။ ကျွန်တော် ကစားကွက်အတွင်းမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်လို့ပဲ ယူဆပါတယ်" လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။