ဟယ်ရီကိန်းကို တိုနီခရူးစ်၊ ဒီဘရိုင်းတို့နဲ့ နှိုင်းယှဉ်ချီးကျူးခဲ့တဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက အသင်းအတွက်လိုက်လျောညီထွေဖြစ်စေတဲ့ အခွင့်အရေးဖန်တီးပေးသူတွေနဲ့ ဟယ်ရီကိန်းကို နှိုင်းယှဉ်ချီးကျူးခဲ့ပါတယ်။ ဟယ်ရီကိန်းက ဝုဖ်ဘတ်နဲ့ပွဲစဉ်မှာ အခုရာသီ၊ သူ့ရဲ့ဘွန်ဒက်စ်လီဂါဂိုး ၂၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူက ဂျာမန်ထိပ်တန်းလိဂ်မှာကျင်လည်ခဲ့တဲ့ သုံးရာသီဆက် အနိမ့်ဆုံးလိဂ်ဂိုး ၂၀ သွင်းယူနိုင်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ်။ အင်္ဂလန်ကပ္ပတိန်က သီတင်းပတ်တိုင်းမှာ ဂိုးတွေအဆက်မပြတ်သွင်းယူရင်း ဂျာမနီမြေရောက်ဘဝကို လွယ်လွယ်ကူကူဖြတ်သန်းနေပါတယ်။
အခုလိုဂိုးတွေသွင်းယူနေပေမယ့် ကွန်ပနီကတော့ ဘိုင်ယန်မြူးနစ်ရဲ့အဆုံးမရှိတဲ့တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေ ဖန်တီးပေးနေတဲ့တိုက်စစ်မှူးတစ်ဦးအကြောင်းကို အခုသီတင်းပတ်ကုန်၊ လိုက်ပ်ဇစ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ပြောဆိုခဲ့ပါတယ်။ ကွန်ပနီက “ ကျွန်တော်တို့ရဲ့ကစားသမားအားလုံး ကိုယ့်ရဲ့နေရာမှာ လွတ်လွတ်လပ်လပ်ကစားခွင့် အများကြီးရှိပါတယ်။ ဟယ်ရီကိန်းကိုယ်တိုင်လည်း ပယ်နယ်တီဧရိယာအတွင်းမှာရော၊ ပယ်နယ်တီဧရိယာပြင်ပမှာပါ လွတ်လွတ်လပ်လပ်ရွေ့လျားခွင့် ရှိပါတယ်။ ဒါက နည်းဗျူဟာပိုင်းနဲ့ မသက်ဆိုင်ဘဲ ရင်ဆိုင်ရတဲ့ပြိုင်ဘက်အပေါ်လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ရခြင်းသာ ဖြစ်ပါတယ်။
တခါတရံ ဟယ်ရီကိန်းက တိုနီခရူးစ်၊ ဒီဘရိုင်းတို့လို ဘောလုံးပေးပို့မှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ပယ်နယ်တီဧရိယာအတွင်း ဟယ်ရီကိန်း အမြဲတမ်းရှိနေရပါမယ်” လို့ ပြောပါတယ်။ ဟယ်ရီကိန်းက ဝုဖ်ဘတ်နဲ့ပွဲစဉ်မှာ ဂွါရဲရိုးအတွက် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဦးဆောင်သူကို သွင်းဂိုးတွေနဲ့အတူ မြင်တွေ့ရလေ့ရှိပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှ ဟယ်ရီကိန်းက အနည်းငယ်နောက်ဆုတ်ကာ အသင်းဖော်တွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးလာပါတယ်။