
ဖခင်ထောင်ကျနေချိန် မိခင်ရဲ့အနစ်နာခံမှုတွေနဲ့အတူ ဘောလုံးကြယ်ပွင့်တစ်ဦးဖြစ်လာတဲ့ ဂျော်အိုပက်ဒရို
ဘောလုံးက ဂျော်အိုပက်ဒရိုရဲ့အသွေးအသားထဲမှာ စီးမျောနေတဲ့အရာတစ်ခုပါ။ ဒီအဆိုကို အပြည့်အဝမဟုတ်ဘူးဆိုရင်တောင် သံသယတော့ မရှိလိုက်ပါနဲ့။ ချီကာအိုလို့ အများသိကြတဲ့ ဟိုဆေးဂျော်အိုဒီဂျီးဆပ်စ်က ဂျော်အိုပက်ဒရိုရဲ့ဖခင်ဖြစ်ပြီး ဘရာဇီးကလပ် ဘိုတာဖိုဂိုမှာ ထင်ရှားခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။
ပရိသတ်တွေချစ်ခင်ကြတဲ့ ချီကာအိုက ၂၀၀၁ ခုနှစ်၊ ကိုရင်သီယန်စ်နဲ့ရင်ဆိုင်ရတဲ့ ဆော်ပိုလိုပြည်နယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲမှာ ဘိုတာဖိုဂိုအနိုင်ရရှိအောင် ကူညီပေးပြီးနောက် အလှည့်အပြောင်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရပြီး သူ့ရဲ့ကစားသမားဘဝခရီးလမ်းလည်း ရုတ်ခြည်းဆိုသလို အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။
၂၀၀၂ ခုနှစ်အတွင်း လူသတ်မှုတစ်ခုအတွက် ပူးပေါင်းကြံစည်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခံရချိန် ချီကာအိုရဲ့ဘဝနဲ့ မိသားစုအခြေအနေတစ်ခုလုံး ထာဝရပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဂျော်အိုပက်ဒရိုရဲ့မိဘတွေ လမ်းခွဲထားပြီးဖြစ်ပေမယ့် ဖခင်ဖြစ်သူထောင်ကျသွားမှုက ဂျော်အိုပက်ဒရိုအပေါ် ရိုက်ခတ်မှုကြီးမားခဲ့မယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။ ဂျီးဆပ်စ်ကတော့ ရှစ်နှစ်တာအကျဉ်းကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
အကျဉ်းထောင်မှ ပြန်လွတ်မြောက်လာချိန် အသက်-၃၁ နှစ်အရွယ် ချီကာအိုမှာ နောင်တတွေပြည့်နှက်နေခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝဆက်လျှောက်လှမ်းရန် ကလပ်အသင်းရှာဖွေရမယ်ဆိုတဲ့ ယုံကြည်ချက်လည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ အကျဉ်းထောင်မှလွတ်မြောက်လာပြီးနောက် ချီကာအိုက ကစားကွင်းတစ်ခုမှာ ကလေးငယ်ဂျော်အိုပက်ဒရိုနဲ့ အတူ ရုပ်မြင်သံကြားအစီအစဉ်တစ်ခုအတွက် ပါဝင်လာခဲ့ပါတယ်။
ချီကာအိုက “ ကျွန်တော်က သေခြင်းတရားကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးပါတယ်။ အမှားတစ်ခုလည်း ကျူးလွန်မိခဲ့လို့ နောင်တရမိပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့တောင် စဉ်းစားခဲ့ပါတယ်။ ကျွန်တော်က လူကောင်းတစ်ဦးပါ။ အခြားသူတစ်ဦးရဲ့အသက်ကို သတ်ဖြတ်ပိုင်ခွင့်မရှိဘူးဆိုတာလည်း သိပါတယ်။
သားနဲ့အတူ ဘောလုံးကန်ရမယ့်နေ့ရက်ကို ကျွန်တော်တော့ ဘယ်လိုမှမြင်ရတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်က အဲ့ဒီလိုနေ့ရက်မျိုးကို အမြဲတမ်းမျှော်လင့်နေခဲ့တာပါ”လို့ ပြောပါတယ်။ဒီလိုစိတ်ကူးမျိုးက ဂျီးဆပ်စ်တစ်ဦးတည်းမှာရှိတာ မဟုတ်ပါဘူး။
အဲ့ဒီအချိန်တုန်းက အသက်ရှစ်နှစ်ခန့်သာရှိသေးတဲ့ ဂျော်အိုပက်ဒရိုကလည်း “ ကျွန်တော်လည်း အဖေနဲ့အတူတူ ဘောလုံးကစားသွားဖို့ အမြဲတမ်းစိတ်ကူးထားခဲ့ပါတယ်။ ဒီရည်မှန်းချက်ကို မဖြစ်,ဖြစ်အောင် ကျွန်တော် လုပ်သွားမှာပါ။ ကျွန်တော့်ညီမလေးကလည်း ကျွန်တော့်လိုပဲ အဖေနဲ့အတူ အမြဲတမ်းဘောလုံးကစားချင်ခဲ့ပါတယ်။ ဒါပေမဲ့ အဖေထောင်ကျနေလို့ အဲ့ဒီလိုအခွင့်အရေးမျိုး ကျွန်တော်တို့မှာ မရှိခဲ့ပါဘူး”လို့ ပြောပါတယ်။
အခုတော့ ဖခင်နဲ့အတူဘောလုံးကစားချင်ခဲ့တဲ့အိပ်မက်က ပရီးမီးယားလိဂ်ထိပ်သီးချဲလ်ဆီးအသင်းရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်လာဖို့အထိ အောင်မြင်ဖြစ်ထွန်းစေခဲ့ပါတယ်။ ဒါပေမယ့် ဂျော်အိုပက်ဒရိုရဲ့ကစားသမားဘဝခရီးစဉ်က ဖခင်ဖြစ်သူထောင်ကျနေမှုနဲ့အတူ စမ်းသပ်ချက်တွေ၊ ဆင်းရဲဒုက္ခတွေ များပြားလွန်းခဲ့ပါတယ်။
လူငယ်ပြိုင်ပွဲတစ်ခုမှာ တောက်ပပြီးနောက် ဂျော်အိုပက်ဒရိုကို ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ ရီယိုဒီဂျနေရိုးအခြေစိုက် ဖလူမီနိစ်အသင်းရဲ့ကင်းထောက်တွေ မြင်တွေ့သွားခဲ့ပါတယ်။ အခြားသောကလပ်အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကိုပါ ရရှိထားတဲ့ အသက်-၁၀ နှစ်အရွယ်ကစားသမားကို ဖလူမီနိစ်က အလျှင်အမြန်ပဲ အမိအရခေါ်ယူသွားခဲ့ပါတယ်။
ဖလူမီနိစ်မှာ ဂျော်အိုပက်ဒရိုရဲ့နည်းပြဖြစ်လာမယ့် အက်ဒူယာဒိုအိုလီဗီရာက “ သူ, ကလေးဘဝကတည်းက ကျွန်တော် သူ့ကို မြင်တွေ့ခဲ့ဖူးပါတယ်။ ကျွန်တော်က ဘိုတာဖိုဂိုလူငယ်အသင်းတွေရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ညှိနှိုင်းရေးမှူးတာဝန်ယူခဲ့ဖူးပြီး ကျွန်တော်တို့လူငယ်အသင်းတွေရဲ့ပွဲစဉ်မှာ သူ့ကို မြင်တွေ့ခဲ့ဖူးပါတယ်။ သူ့ကို အမှန်တကယ်ကောင်းမွန်လှတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အတူ နည်းစနစ်ပိုင်းအလွန်ကျေညက်တဲ့ ကစားသမားတစ်ဦးလို့ တွေးမိခဲ့ပါတယ်။ ဂျော်အိုပက်ဒရိုက ယူ-၁၃ ပြိုင်ပွဲတွေမှာ အလွန်ခြေစွမ်းပြခဲ့ပါတယ်။ ထူးချွန်လွန်းပါတယ်” လို့ ၂၀၂၀ ပြည့်နှစ်အတွင်း The Athletic သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
ဒီနေရာမှာလည်း ပြဿနာတစ်ရပ် ရှိနေပါတယ်။ ဂျော်အိုပက်ဒရိုတို့မိသားစုက ရီယိုဒီဂျနေရိုးနဲ့ မိုင် ၄၀၀ လောက်ကွာဝေးတဲ့ ဆော်ပိုလိုပြည်နယ်၊ ရီဘာရိုပရီတိုမြို့တော်မှာ အခြေချနေထိုင်လို့ ဖလူမီနိစ်နဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ဖို့ ရည်မှန်းထားတဲ့ ဂျော်အိုပက်ဒရိုရဲ့အိပ်မက်အတွက် အဟန့်အတား ဖြစ်ခဲ့ပါတယ်။
ရီဘာရိုပရီတိုမြို့တော်မှာဆိုရင် ဂျော်အိုပက်ဒရိုတို့မိသားစုက အနာဂတ်ချဲလ်ဆီးတိုက်စစ်မှူးဖြစ်လာမယ့်သူကို ပုဂ္ဂလိကပညာသင်ကျောင်းဆီ ပို့ဆောင်နိုင်သလို ဘဝသစ်တစ်ခုစတင်ဖို့ နေအိမ်တစ်လုံးငှားရမ်းနိုင်မယ့် အခွင့်အလမ်းတစ်ရပ်လည်း သက်သောင့်သက်သာ ရရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေက ရီယိုဒီဂျနေရိုးမြို့၊ ဇီရင်အရပ်ဆီ ပြောင်းရွှေ့သွားပြီး အရာအားလုံးကို ပြောင်းလဲပစ်ခဲ့ပါတယ်။
Mail Sport နဲ့တွေ့ဆုံချိန် အသက်-၂၃ နှစ်အရွယ် ဂျော်အိုပက်ဒရိုက “ ရီဘာရိုပရီတိုမှာနေတုန်းက မချို့တဲ့ခဲ့ပေမယ့် ရီယိုဒီဂျနေးရိုးမှာတော့ ကျွန်တော်တို့အတွက် ဇိမ်ခံနိုင်မယ့်လူမှုဘဝမျိုး မရှိတော့ပါဘူး။ ဒါပေမဲ့ ဖလူမီနိစ်အကယ်ဒမီဆီ ကျွန်တော်တက်ရောက်ခွင့်ရရှိချိန် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦး ဖြစ်လာဖို့ဆိုတဲ့ အိပ်မက်နောက်ကို လိုက်နိုင်ဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့ပါတယ်။
ဇီရင်မှာ ကျွန်တော်တို့မိသားစုက အခြားမိသားစုတစ်ခုနဲ့အတူ အိမ်တစ်လုံးကို ပူးတွဲငှားရမ်းခဲ့ပါတယ်။ ငွေရေးကြေးရေးအရ အခက်အခဲဖြစ်ချိန်၊ စားနပ်ရိက္ခာရှားပါးချိန်မျိုးတောင် ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့အတွက် အမေက ဆာလောင်မှုဒဏ်ကို အံတုပြီး ထမင်းတစ်နပ်ကိုတောင် စွန့်လွှတ်ပေးခဲ့ဖူးပါတယ်”လို့ ပြောပါတယ်။
အရာရာတိုင်းအဆုံးအစွန်အထိ ရောက်ရှိလာချိန်မှာတော့ ဂျော်အိုပက်ဒရိုရဲ့မိခင်ဖြစ်သူ ဖလာဗီယာအတွက် ဖလူမီနိစ်ဆီ အကူအညီတောင်းခံဖို့သာ ကျန်ရှိပါတော့တယ်။ ဖလာဗီယာက “ ကျွန်မဘဝဇာတ်ကြောင်းကို သုံးနာရီကြာ ပြောပြခဲ့ပါတယ်။ ကျွန်မတို့အတွက် ပိုက်ဆံလုံးဝမရှိတော့လို့ စိတ်ဓါတ်လည်း ကျနေခဲ့ပါတယ်။
အခုလိုကူညီပေးမှုတွေက ချစ်ကြည်ရင်းနှီးမှုကို ဖန်တီးပေးပြီး အနာဂတ်မှာဖြစ်ပေါ်လာမယ့်အရာအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးပါတယ်။ ကျွန်မကိုယ်တိုင်လည်း အခြားသူတွေဆီ ဖလူမီနိစ်ဟာ ငါတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားစေဖို့ ကူညီပေးသလို လူတိုင်းအပေါ် နွေးထွေးကြင်နာမှုရှိတယ်ဆိုတာ ပြောပြခဲ့ပါတယ်”လို့ ရှင်းပြပါတယ်။
ဂျော်အိုပက်ဒရိုက အစောပိုင်းမှာ သူ့ရဲ့ဖခင်လိုပဲ ကွင်းလယ်ခံစစ်ကစားသမားအဖြစ် စတင်လာခဲ့ပေမယ့် နောက်ပိုင်းမှာ ကွင်းလယ်တိုက်စစ်မှူး၊ နောက်ဆုံးမှာ တိုက်စစ်မှူးစစ်စစ် ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဖလူမီနိစ်တိုက်စစ်ပိုင်းအတွက် တော့တင်ဟမ်ကြယ်ပွင့်ရစ်ချာလီဆန်နဲ့အတူ တွဲဖက်လေ့ကျင့်ရင်း သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝအိပ်မက်ကို ဖြည့်ဆည်းဖို့ အခွင့်အရေးရရှိလာခဲ့ပါတယ်။
ဂျော်အိုပက်ဒရိုက “ အဲ့ဒီကာလတွေမှာ ဖလူမီနိစ်က ကျွန်တော်တို့ကို ငွေကြေးပိုင်းအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ပံ့ပိုးကူညီမှုတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော့်အပေါ် လူပုဂ္ဂိုလ်တစ်ဦးအဖြစ်သာမက ဘောလုံးသမားကောင်းဖြစ်လာနိုင်မယ့် အလားအလာတွေအထိ ယုံကြည်ပေးခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ပရော်ဖက်ရှင်နယ်ကစားသမားဘဝရောက်ရှိလာအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ကျွန်တော့်ဘဝအတွက် အရာအားလုံး အပေါင်းလက္ခဏာဆောင်တဲ့ဘက်ဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က ဖလူမီးနိစ်ကို ထာဝရကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။
ဖလူမီနိစ်မှာ ခြေစွမ်းပြနေတဲ့သူ့ကို ဥရောပဘီလူးကြီးတွေကိုယ်တိုင် ကင်းထောက်နိုင်ခဲ့ပြီးနောက် အဆုံးမှာတော့ ဂျော်အိုပက်ဒရိုက ဝက်ဖို့ဒ်ဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖလူမီနိစ်နဲ့လမ်းခွဲချိန်မှာလည်း ဂျော်အိုပက်ဒရိုရဲ့မျက်လုံးမှာ မျက်ရည်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဖလူမီနစ်ဆိုတာ ဂျော်အိုပက်ဒရိုဆိုတဲ့ကစားသမားတစ်ဦးအတွက် အဓိပ္ပါယ်ရှိလှတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
ဖလူမီးနိစ်မှ ဝက်ဖို့ဒ်၊ ဝက်ဖို့ဒ်မှ ဘရိုက်တန်၊ ဘရိုက်တန်မှ ချဲလ်ဆီးအထိ ရောက်ရှိလာတဲ့ ဂျော်အိုပက်ဒရိုက အခုတော့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ကိုင်မြှောက်နိုင်သူတစ်ဦး ဖြစ်လာခဲ့ပါပြီ။ နောက်ပိုင်းမှာလည်း သူ့အတွက် ချဲလ်ဆီးအသင်း ဘာကြောင့်ငွေကြေးအမြောက်အများသုံးစွဲခဲ့သလဲဆိုတာကို ရှင်းပြသွားဖို့ ကြိုးစားမယ်ဆိုတာ သေချာသလောက်ဖြစ်နေပါတယ်။