The network connection is lost.

Banner Image

အုပ်စုအပိတ်ပွဲစဉ်အပြီး ဘောလုံးကွင်းမျက်နှာပြင်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ လူးဝစ်အင်းနရစ်

ဆီယက်တဲလ်ဆောင်းဒါးစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအပိတ်ပွဲစဉ်အပြီး ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က ဘောလုံးဟာ ယုန်တစ်ကောင်ကဲ့သို့ ခုန်ပေါက်ပြေးလွှားနေတယ်လို့ ညည်းညူရင်း ပွဲစဉ်လက်ခံကျင်းပသော Lumen Field ကွင်းမျက်နှာပြင်နဲ့ပတ်သက်လို့ အလွန်အမင်းစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။ အခုလိုစိန်ခေါ်မှုမျိုးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ဥရောပချန်ပီယံတွေက ပြိုင်ပွဲရဲ့နောက်ဆုံး ၁၆-သင်းအဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘိုတာဖိုဂိုကို အံ့အားသင့်ဖွယ် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီက ဒီနေ့မနက်ပိုင်း၊ Lumen Field ဘောလုံးကွင်း ပရိသတ် ၅၀,၆၂၈ ဦးရှေ့မှောက်မှာ အမေရိကန်မေဂျာလိဂ်ကလပ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။အခုပွဲစဉ်အတွင်း ပီအက်စ်ဂျီအတွက် ခဗာရက်စ်ခီလီယာနဲ့ ဟာကီမီတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပြင်သစ်ချန်ပီယံတွေက အုပ်စုဒုတိယနေရာရှိ ဘိုတာဖိုဂိုထက် ဂိုးကွာခြားချက်အသာစီးရရှိပြီး အုပ်စုဗိုလ်နေရာမှာ ရပ်တည်နိုင်ခဲ့ကာ ဇွန် ၂၉ ရက်၊ အတ္တလန်တာမှာ အင်တာမီယာမီနဲ့ ရှုံးထွက်အဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရပါမယ်။

ဒါပေမဲ့ တဖက်မှာတော့ လူးဝစ်အင်းနရစ်က ဆီယက်တဲလ်ဆောင်းဒါးစ်နဲ့ပွဲစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဘောလုံးကွင်းမျက်နှာပြင်အခြေအနေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြက “ ဘောလုံးကွင်းက ဥရောပမှာ ကျွန်တော်တို့အသားကျနေတဲ့ပုံစံမျိုးနဲ့ အလွန်ကွာခြားနေလို့ လုံးဝမလွယ်ကူခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ကစားချင်တဲ့သာယာငြိမ့်ညောင်းမှုမျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေမျိုးနဲ့ ကျွန်တော်တို့ အသားကျအောင် လုပ်နိုင်ခဲ့ပါတယ်။ ကွင်းတွင်းမှာဆိုရင် ဘောလုံးက ယုန်တစ်ကောင်လိုပဲ ခုန်ပေါက်ပြေးလွှားနေခဲ့ပါတယ်။ ကွင်းရဲ့အခြေအနေက ကျွန်တော်တို့မြင်တွေ့နေကျ ဥရောပဘောလုံးကွင်းတွေရဲ့အရည်အသွေးမျိုးနဲ့ အလွန်ကွာခြားနေပါတယ်။ ဒီလိုကွင်းမျိုးမှာ အဆင့်အတန်းအမြင့်ဆုံးဘောလုံးကစားဟန်ကို မကစားနိုင်ပါဘူး။ဒီကွင်းမျိုးဆိုတာ ဘောလုံးကွင်းမပြောနဲ့၊ လေ့ကျင့်ရေးကွင်းလောက်တောင် အဆင့်အတန်းမရှိပါဘူး။ ဖီဖာလည်း ဒီပြဿနာတွေကို ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ကွင်းမျက်နှာပြင်အခြေအနေကို ဝေဖန်ပြစ်တင်ခဲ့ပေမယ့် လူးဝစ်အင်းနရစ်က ဆီယက်တဲလ်ဆောင်းဒါးစ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကိုတော့ ချီးကျူးခဲ့ပါတယ်။ သူက “ ဆီယက်တဲလ်ရဲ့ကစားပုံ အရမ်းကောင်းခဲ့တာကြောင့် ကျွန်တော်တို့အတွက် ပွဲစတင်ချိန်ကတည်းက အခက်အခဲတွေ့ခဲ့တဲ့ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ဆီယက်တဲလ်က ခွန်အားအပြည့်၊ စွမ်းဆောင်ရည်အပြည့်နဲ့ ကစားသွားခဲ့တာပါ။ ပရိသတ်တွေလည်း ဒီပွဲစဉ်အပြင် ကျွန်တော်တို့အသင်းကစားပုံကိုပါ မြင်တွေ့လိုက်ရလို့ ကျေနပ်အားရလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။ အုပ်စုပွဲစဉ်တွေအပြီး ဆီယက်တဲလ်ဆောင်းဒါးစ်က နိုင်ပွဲလုံးဝမရှိဘဲ ပြိုင်ပွဲမှထွက်ခွာသွားခဲ့ပါပြီ။