The network connection is lost.

Banner Image

အင်္ဂလန်ဘောလုံးလောကမှာ အတောက်ပဆုံးကြယ်ပွင့်သစ်အဖြစ် တည်ဆောက်နိုင်ခဲ့တဲ့ အန်ဂူမိုဟာရဲ့ခရီးလမ်း

အန်ဂူမိုဟာက ချဲလ်ဆီးအသင်းပိုင်ဘောလုံးလေ့ကျင့်ရေးစင်တာတစ်ခုရဲ့ကလေးငယ်လေးဘဝမှ အင်္ဂလန်ဘောလုံးလောကရဲ့အတောက်ပဆုံးလူငယ်ကြယ်ပွင့်ဘဝဆီ စတင်ကူးပြောင်းလာခဲ့ပါပြီ။

အန်ဂူမိုဟာရဲ့ပထမဦးဆုံးနည်းပြဖြစ်တဲ့ ဘိုဘီအာ့ဂျ်ရီခွန်က ဆယ်ကျော်သက်လူငယ်ကစားသမားလေးရဲ့ လီဗာပူးအသင်းသမိုင်းတလျှောက်အသက်အငယ်ဆုံးဂိုးသွင်းရှင်ဖြစ်လာမယ့်ပုံရိပ်တွေကို တယ်လီဗေးရှင်းမှတဆင့် ကြည့်ရှုနေခဲ့ပါတယ်။

အန်ဂူမိုဟာဆီ မိုဆာလက်ရဲ့ဖြတ်တင်ဘော ရောက်ရှိလာချိန်မှာပဲ ဘိုဘီအာ့ဂျ်ရီခွန်က ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို အတိအကျသိနေခဲ့ပါတယ်။ ဘိုဘီအာ့ဂျ်ရီခွန်က “ အန်ဂူမိုဟာ ဂိုးကန်သွင်းတော့မယ်ဆိုတာကို ကျွန်တော် သိနေခဲ့ပါတယ်။ သူ့ရဲ့ဘောလုံးစွမ်းရည်နဲ့ ဂိုးကန်သွင်းမှုတွေကသာ သူ့ကို လုံးဝကွဲပြားခြားနားစေပါတယ်။ အံ့ဖွယ်သရဲပါပဲ။ ကြက်သီးမွှေးညင်းတောင် ထပါတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တယ်ဆိုတာ သိသာစေပါတယ်”လို့ ပြောပါတယ်။

အန်ဂူမိုဟာက သူ့ရဲ့အိပ်မက်တွေကို အရှေ့လန်ဒန်အရပ်မှာရှိတဲ့ ဘောလုံးကွင်းငယ်လေးတွေမှာ စတင်ခဲ့ပါတယ်။ ဘိုဘီအာ့ဂျ်ရီခွန်က “ ဒါတွေအကုန်လုံးက သူ့ရဲ့အစ်ကိုဖြစ်တဲ့ ဂျိမ်းစ်ကို အသိအမှတ်ပြုပေးရပါလိမ့်မယ်။ ဂျိမ်းစ်က အန်ဂူမိုဟာကို အရှေ့လန်ဒန်ရဲ့ Beckton အရပ်မှာရှိတဲ့ ဘောလုံးကွင်းငယ်လေးတွေမှာ နေ့စဉ်နေ့တိုင်း အတူတကွလေ့ကျင့်ပေးပါတယ်။

ဒီနေ့ အန်ဂူမိုဟာရရှိနေတဲ့အရာအားလုံးက ဂျိမ်းစ်နဲ့အတူ လက်တွဲခဲ့မှုမှထွက်ပေါ်လာတဲ့ ရလဒ်တွေပါ။ အန်ဂူမိုဟာက အသက်ခြောက်နှစ်(သို့)ခုနစ်နှစ်အရွယ်မှာပဲ အရှေ့လန်ဒန်ရဲ့ Barking အရပ်မှာရှိတဲ့ ချဲလ်ဆီးအသင်းပိုင်ဘောလုံးလေ့ကျင့်ရေးစင်တာဆီ ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော် အလုပ်ဝင်နေခဲ့တာပါ။ သူကတော့ တစ်နှစ်လောက်ပဲ ကျွန်တော်တို့နဲ့အတူ ရှိနေခဲ့ပါတယ်။ အန်ဂူမိုဟာရဲ့မွေးနေ့က သြဂုတ်လကုန်ပိုင်းဆိုတော့ ရောက်လာချိန်လည်း နောက်ကျခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ နားလည်လိုက်တဲ့အရာကတော့ အန်ဂူမိုဟာရဲ့အရည်အသွေးနဲ့ ရှေ့ဆက်တိုးတက်ချင်နေတဲ့ ဆန္ဒအကြောင်းပါပဲ။ ဒီလိုအသက်အရွယ်မျိုးမှာ ထိပ်တန်းဘောလုံးသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ပြောလို့မရပါဘူး။ အလားအလာကိုသာ မြင်နိုင်ပြီး လျှောက်လှမ်းရမယ့်ခရီးလမ်းက ရှည်လျားသလို ရူးလောက်စရာလည်း ကောင်းပါတယ်”လို့ ပြောပါတယ်။

ကော့ဘ်ဟမ်းလေ့ကျင့်ကွင်းမှာအခြေစိုက်တဲ့ ချဲလ်ဆီး ယူ-၉ အသင်းဆီ ပြောင်းရွှေ့ဖို့ အန်ဂူမိုဟာရဲ့အသက်အရွယ်ပြည့်မြောက်လာချိန်မှာတော့ ဘိုဘီအာ့ဂျ်ရီခွန်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကစားသမားလေးကို လေ့ကျင့်ရေးဌာနချုပ်ဆီ ခေါ်ယူဖို့ အသင်းတာဝန်ရှိသူတွေဆီ အကြံဉာဏ်ပေးပို့ခဲ့ပါတယ်။

နောက်ထပ်နှစ်အနည်းငယ်အကြာ၊ ၂၀၂၁ ခုနှစ်မှာတော့ ဆရာတပည့်နှစ်ဦး ပြန်လည်ဆုံတွေ့ခွင့်ရရှိပြီး ဘိုဘီအာ့ဂျ်ရီခွန်လည်း အလျှင်အမြန်တိုးတက်လာနေတဲ့ အန်ဂူမိုဟာရဲ့အလားအလာကောင်းတွေကို မြင်တွေ့သွားခဲ့ပါတယ်။

Kingsford Community ကျောင်းမှာ ပညာသင်ကြားနေတဲ့အန်ဂူမိုဟာက လန်ဒန်လူငယ်အားကစားပွဲတော်မှာ Newham ခရိုင်ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ လန်ဒန်မြို့တော်တစ်ဝှမ်းရှိ ကလေးသူငယ်တိုင်းအတွက် ကိုယ်စားပြုပေးထားတဲ့ ဒီအားကစားပွဲတော်က အိုလံပစ်ဂန္တဝင်မိုဖာရတ်နဲ့ လီဗာပူးတောင်ပံကစားသမားဟောင်းစတာလင်တို့လို ထိပ်သီးအားကစားသမားတွေကို မွေးထုတ်ပေးခဲ့ဖူးပါတယ်။

၂၀၁၈ ခုနှစ်မှာ အခြေခံလူတန်းစားတွေကိုကိုယ်စားပြုမယ့် Levels FC ကို စတင်ထူထောင်ခဲ့သူ ဘိုဘီအာ့ဂျ်ရီခွန်က တစ်ရက်ကြာကျင်းပမယ့်အားကစားပွဲတော်အတွက် Newham ခရိုင်အသင်းရဲ့နည်းပြ ဖြစ်လာခဲ့ပါတယ်။ ဘိုဘီအာ့ဂျ်ရီခွန်က “ ကစားသမား ငါးဦး(သို့မဟုတ်)ခြောက်ဦးပါ ဘောလုံးပြိုင်ပွဲအတွက် ကျွန်တော်နဲ့ အန်ဂူမိုဟာတို့ ပြန်လည်ဆုံတွေ့ဖြစ်ပါတယ်။

ဒါက အသက်-၉ နှစ်အရွယ်ကလေးတွေအတွက် ပြိုင်ပွဲဖြစ်ပေမယ့် အန်ဂူမိုဟာကတော့ အသက်-၈ နှစ်ပဲ ရှိပါသေးတယ်။ သူက ဒီပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်တိုးတက်မှုနဲ့အတူ ပေါ်ထွက်လာခဲ့ပါတယ်။
အန်ဂူမိုဟာက ယုံကြည်မှုပြင်းထန်ပြီး ကိုယ့်ရဲ့အရေးပါမှုကို အကောင်းဆုံးပုံစံနဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။ သူက သရုပ်ဖော်သူလည်း ဖြစ်သလို ပွဲစဉ်တစ်ခုကို အလွယ်တကူပြောင်းလဲပေးနိုင်ပါတယ်။
အရင်တုန်းက ဒီနေ့ခေတ်လိုမျိုး ပွဲစဉ်တွေကိုမှတ်တမ်းတင်ဖို့ ရုပ်သံကင်မရာတွေ မရှိတာ ရင်နာမိပါတယ်။

အန်ဂူမိုဟာသွင်းယူခဲ့တဲ့ဂိုးအချို့ဆိုရင် ဘောလုံးအဆုံးသတ်သွားတဲ့နေရာနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူခဲ့တဲ့ ပုံစံကြောင့် မယုံကြည်နိုင်စရာ ကောင်းခဲ့ပါတယ်။ သူ့မှာ အံ့မခန်းစွမ်းရည်တစ်ခုရှိပြီး သူ့ကြောင့်ပဲ ကျွန်တော်တို့အတွက် ခြားနားချက်တွေ ဖြစ်တည်လာပါတယ်”လို့ ပြောပါတယ်။
ဒေသသတင်းစာတစ်စောင်ရဲ့အဆိုအရ Havering နဲ့ရင်ဆိုင်တဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ Newham က အန်ဂူမိုဟာရဲ့အဖွင့်ဂိုးအပါအဝင် ၂-၀ ဂိုးနဲ့ ပြိုင်ဘက်ကို ဦးဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ Havering က ချေပဂိုးတွေ ပြန်ရှာဖွေပြီး သရေရလဒ်ဆီ ပြန်လည်ဦးတည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အန်ဂူမိုဟာက မယုံကြည်နိုင်လောက်စရာပြေးနှုန်း၊ အထင်ကြီးလောက်စရာအဆုံးသတ်ပိုင်းတို့နဲ့အတူ ပွဲကစားချိန်ပြီးဆုံးဖို့သုံးမိနစ်အလိုမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
Islington ကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ Newham ရဲ့ဗိုလ်လုပွဲမှာလည်း အန်ဂူမိုဟာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နောက်ထပ်လေးနှစ်နီးပါးအကြာ၊ နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အန်ဂူမိုဟာက သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်အပြင် ပရီးမီးယားလိဂ်ပထမဆုံးသွင်းဂိုးကို ရရှိခဲ့ပါတယ်။ ဘိုဘီအာ့ဂျ်ရီခွန်က အန်ဂူမိုဟာရဲ့တိုးတက်မှုအတွက် အသိအမှတ်ပြုခံရဖို့ ငြင်းဆန်ပေမယ့် သူတည်ထောင်ထားတဲ့ Levels FC ရဲ့အောင်မြင်မှုကိုတော့ ဂုဏ်ယူဝမ်းမြောက်နေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ Barking အရပ်မှာ စတင်တည်ထောင်ခဲ့တဲ့ Levels FC က ဒေသတွင်းဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သလို ထိပ်တန်းကလပ်အသင်းတွေရဲ့အကယ်ဒမီတွေဆီ ကစားသမား ၈၀ ဦးအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီကစားသမားတွေအနက် အခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဆင်နယ်မှ မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိသွားတဲ့ အိုင်ဒင်ဟေဗင်အပါအဝင် ကစားသမားငါးဦးကတော့ ပရော်ဖက်ရှင်နယ်အဆင့်အထိ တက်လှမ်းလာနိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိနေပါပြီ။

ဘိုဘီအာ့ဂျ်ရီခွန်ကိုယ်တိုင်လည်း အရှေ့လန်ဒန်အရပ်မှာ ချဲလ်ဆီးအသင်းရဲ့ဒေသဆိုင်ရာညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားသလို Levels FC ရဲ့စီးအီးအိုရာထူးမှာလည်း ဆက်ရှိနေပါတယ်။ ဘိုဘီအာ့ဂျ်ရီခွန်အတွက် အကြီးမားဆုံးအောင်မြင်မှုကတော့ အာချီယမ်ပေါင်ပဲ ဖြစ်ပါတယ်။ ဘိုဘီအာ့ဂျ်ရီခွန်က “ အာချီယမ်ပေါင်က ချဲလ်ဆီးအတွက် ကျွန်တော့်ရဲ့ပထမဆုံးကစားသမားခေါ်ယူပေးမှု ဖြစ်ပါတယ်။

ကျွန်တော်က တိုက်စစ်မှူးတစ်ဦးရှာဖွေဖို့ စောင့်ကြည့်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အာချီယမ်ပေါင်က အဲ့ဒီတိုက်စစ်မှူးကို ခြေစွမ်းမပြနိုင်အောင် ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒါကြောင့် သူ့ကိုခေါ်ယူဖို့ ချဲလ်ဆီးအသင်းဆီ ကျွန်တော် အကြံပြုခဲ့ပါတယ်။ အာချီယမ်ပေါင်ရဲ့ခရီးလမ်းကတော့ ပိုတိတ်ဆိတ်လွန်းခဲ့ပါတယ်။ သူက ပိုချက်တီနိုလက်အောက်စီနီယာအသင်းဆီ ပထမဆုံးအကြိမ်ခေါ်ယူခံရပြီး အဲ့ဒီအချိန်ကတည်းက နောက်ကြောင်းပြန်လာတာမျိုး မရှိခဲ့ပါဘူး”လို့ ပြောပါတယ်။

ဘိုဘီအာ့ဂျ်ရီခွန်ကိုယ်တိုင်လည်း ယမန်နှစ်ကတည်းကပင် အန်ဂူမိုဟာရဲ့အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ချဲလ်ဆီးအတွက် အတော်လေးဆိုးရွားသွားနိုင်တယ်ဆိုတာကို သိရှိထားခဲ့ပါတယ်။ ဒါပေမဲ့ အင်တာဗျူးတစ်ခုမှာတော့ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးပါလို့ အန်ဂူမိုဟာကိုယ်တိုင် ဝန်ခံခဲ့ပေမယ့် ကစားသမားရဲ့နည်းပြဟောင်းကတော့ တပည့်ကျော်နဲ့ပတ်သက်လို့ မာဆေးဆိုဒ်ပြိုင်ဘက်အပေါ် အစဉ်အမြဲအားပေးထောက်ခံသူအဖြစ် ဖော်ညွှန်းခဲ့ပါတယ်။

ဘိုဘီအာ့ဂျ်ရီခွန်က “ အန်ဂူမိုဟာရဲ့အပြောင်းအရွှေ့က အငြင်းပွားစရာဖြစ်ခဲ့ပေမယ့် ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါပဲ။ ပြိုင်ဆိုင်မှုပြင်းထန်လွန်းပါတယ်။ အန်ဂူမိုဟာရဲ့အစ်ကိုဖြစ်သူက ရဲရင့်သလို အန်ဂူမိုဟာကိုယ်တိုင်လည်း ရဲရင့်ပါတယ်။ ပြီးတော့ အန်ဂူမိုဟာက လီဗာပူးပရိသတ်ပါ။ ဒါကြောင့် မေးခွန်းထုတ်စရာတောင် မလိုတော့ပါဘူး”လို့ ပြောပါတယ်။

အခုဘောလုံးရာသီအစပိုင်းမှာ အန်ဂူမိုဟာနည်းတူ တောက်ပနေတဲ့ လူငယ်လေးတစ်ဦး ပရီးမီးယားလိဂ်မှာ ရှိနေပြန်ပါတယ်။ သူကတော့ လိဒ်ကို အမ်းမရိတ်စ်ကွင်းမှာ ၅-၀ ဂိုးဖြင့် အာဆင်နယ်တို့အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ပယ်နယ်တီရယူပေးခဲ့သလို ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အသက်-၁၅ နှစ်အရွယ် ဂန်းနားလူငယ်ဒေါင်းမန်း ဖြစ်ပါတယ်။

ဘိုဘီအာ့ဂျ်ရီခွန်က “ ပြီးခဲ့တဲ့နှစ်အတွင်း ဆောက်သမ်တန်ယူ-၁၈ က အာဆင်နယ်ယူ-၁၈ ကို ၃-၀ ဂိုးဖြင့် ဦးဆောင်ထားတဲ့ပွဲစဉ်မှာ ဒေါင်းမန်းကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။ ဒေါင်းမန်းကိုယ်တိုင် နှစ်ဂိုးသွင်းယူပြီး ပွဲစဉ်ကို တစ်ဖက်သုံးဂိုးစီသရေဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ အမ်ဂူမိုဟာသာ ပိုကောင်းတဲ့ကစားသမားဖြစ်ပါတယ်”လို့ ဆိုပါတယ်။