The network connection is lost.

Banner Image

စတမ်းဖို့ဒ်ဘရစ်ချ်မှာ တောက်ပနေမှု ကို ကနဦးနိဒါန်းမျှသာရှိသေးတယ်လို့ ဖွင့်ဟလာတဲ့ ဂျော်အိုပက်ဒရို

ချဲလ်ဆီးရဲ့နောက်ဆုံးပေါ်တိုက်စစ်မှူးဂျော်အိုပက်ဒရိုက သူ့အတွက် ချဲလ်ဆီအသင်း ပေါင်သန်း ၆၀ အထိ ဘာကြောင့်သုံးစွဲခဲ့သလဲဆိုတာကို အတိအကျသက်သေပြနိုင်ဖို့ အချိန်များစွာမဖြုန်းတီးခဲ့ပါဘူး။ အခုနွေရာသီကာလအတွင်းခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးငါးဦးအနက် တစ်ဦးဖြစ်တဲ့ အသက်-၂၃ နှစ်အရွယ် ရှေ့တန်းကစားသမားက သူ့ရဲ့မျက်စိကျလောက်စရာ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်ကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှု ကို ရရှိထားပြီးဖြစ်တဲ့ ဂျော်အိုပက်ဒရိုက ကစားသမားဘဝရဲ့အထူးကဏ္ဍတစ်ခုဖြစ်လာဖို့ သူကတိကဝတ်ပြုထားတဲ့အရာရဲ့ အစမျှသာ ရှိနေပါသေးတယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

ဘရာဇီးနိုင်ငံ၊ Ribeirao Preto မှာ မွေးဖွားခဲ့တဲ့ ဂျော်အိုပက်ဒရိုက ဖလူမီးနိစ်နဲ့အတူ ကစားသမားဘဝစတင်ခဲ့ပြီး သူရဲ့တိုက်စစ်စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဥရောပကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက ဥရောပထိပ်တန်းကလပ်အသင်းတစ်ခုဆီ ပြောင်းရွှေ့ရမယ့်အစား အလောင်းအစားတစ်ခုအဖြစ် အများကရှုမြင်ထားကြမယ့် ဝက်ဖို့ဒ်နဲ့အတူအပြောင်းအရွှေ့တစ်ခုကို ဖန်တီးကာ အင်္ဂလန်ဘောလုံးလောကရဲ့ဒုတိယတန်းအဆင့်မှာ အတွေ့အကြုံတွေ ရှာဖွေခဲ့ပါတယ်။

ဒီလိုစိတ်ရှည်နိုင်မှုနဲ့ ဒူပေနာပေခံနိုင်မှုတွေကပဲ သူ့အပေါ် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေခဲ့ပြီး ဘရိုက်တန်မှ ချဲလ်ဆီးဆီရောက်ရှိလာချိန်မှာပဲ ချက်ချင်းဆိုသလိုပွဲထွက်ခွင့်ရရှိကာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွေ့အကြုံကို ခံစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျော်အိုပက်ဒရိုက ချဲလ်ဆီးရဲ့ကလပ်ကမ္ဘာ့ဖလားအောင်ပွဲမှာ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

ဒီလိုတောက်ပနေမှုတွေက အဲ့ဒီနေရာမှာတင် မရပ်တန့်သွားခဲ့ပါဘူး။ ကလပ်အသင်းပွဲစဉ်တွေ ပြန်လည်စတင်လာချိန်မှာလည်း အခုလိုမကြောက်မရွံ့ပုံစံကောင်းကို ပရီးမီးယားလိဂ်ဆီ သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဂျော်အိုပက်ဒရိုက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်သုံးခုမှာ နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်နဲ့ အလျှင်အမြန်ပဲ အံဝင်ခွင်ကျဖြစ်သွားခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေချိန် ဂျော်အိုပက်ဒရိုက “ ဒီနေ့ဂျော်အိုပက်ဒရိုဆိုတာ ကျွန်တော် အမြဲတမ်းအိပ်မက်,မက်ခဲ့ရတဲ့ ဂျော်အိုပက်ဒရိုပါပဲ။ အခုဆိုရင် ကျွန်တော်က ကိုယ့်နိုင်ငံအတွက် ကိုယ်စားပြုပေးနေသလို အင်္ဂလန်မှာရှိတဲ့ ကလပ်အသင်းကြီးတစ်ခုအတွက်လည်း ကိုယ်စားပြုပေးနေပါတယ်။ ဒါက ကလေးဘဝကတည်းက ကျွန်တော့်မှာရှိနေခဲ့တဲ့ အိပ်မက်တစ်ခုပါ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ အရာရာတိုင်းနဲ့အတူ အေးအေးဆေးဆေးရှိနေတယ်လို့ပဲ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ပြောခဲ့သလိုပါပဲ၊ ဖလူးမီးနိစ်မှာ ကျွန်တော်ရဲ့စတင်မှုက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဝက်ဖို့ဒ်ဆီ ပြောင်းရွှေ့ပြီး ဒုတိယတန်းမှာ ကစားခဲ့ပါတယ်။

အများကတော့ ဖလူးမီးနိစ်မှာ ကျွန်တော် အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာကြောင့် ကျွန်တော့်ကို ရူးနေပြီလို့ပဲ တွေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော် အရမ်းငယ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ပဲ ယုံကြည်ထားပါတယ်။ အဆုံးမှာတော့ အရာအားလုံး အလုပ်ဖြစ်သွားပါပြီ။ အခု ကျွန်တော်က ချဲလ်ဆီးမှာရောက်ရှိနေသလို လက်ရွေးစင်ကစားသမားလည်း ဖြစ်နေပါပြီ။ ယုံကြည်မှုရှိရှိနဲ့ကို ပျော်ရွှင်နေပါတယ်။ နောက်ပြီး ဒါကို လှပတဲ့ဇာတ်လမ်းတစ်ခုရဲ့နိဒါန်းပျိုးမှုတစ်ခု လို့ပဲ ထင်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်သာမက ချဲလ်ဆီးအတွက်ပါ ကစားပေးနိုင်ပါပြီ” လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

လက်ရှိဘရာဇီးလက်ရွေးစင်အသင်းနည်းပြအန်ဆယ်လော့တီကလည်း ဂျော်အိုပက်ဒရိုရဲ့လှုပ်ရှားမှုအားလုံးကို စိတ်ဝင်စားမှုအပြည့်နဲ့ စောင့်ကြည့်နေပါလိမ့်မယ်။ အမေရိကန်အပါအဝင် နိုင်ငံသုံးခုမှာ ကျင်းပတော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အတူ ဘရာဇီးက စံချိန်တင်ခြောက်ကြိမ်မြောက်ကမ္ဘာ့ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဂျော်အိုပက်ဒရိုကိုယ်တိုင်လည်း စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အတွင်း ချီလီ၊ ဘိုလီဗီးယားတို့နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမှာ သူ့ရဲ့တန်ဖိုးကို အန်ဆယ်လော့တီဆီ သက်သေပြသွားဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။