အလွန်မိုက်မဲလွန်းတဲ့ အနီကတ်ပြစ်ဒဏ်တွေကြောင့် ရှက်စရာကောင်းလွန်းနေပြီလို့ ပြောဆိုခဲ့တဲ့ မာရက်စ်ကာ
ဝုဗ်ကို ၄-၃ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်အတွင်း ဒီလပ်ရဲ့အနီကတ်ပြစ်ဒဏ်ကို အလွန်မိုက်မဲလွန်းတယ်လို့ ချဲလ်ဆီးနည်းပြမာရက်စ်ကာက သတ်မှတ်ခဲ့ပြီး အခုဘောလုံးရာသီ၊ အကြိမ်ကြိမ်ထုတ်ပယ်ခံရမှုတွေကြောင့် ရှက်စရာကောင်းလွန်းနေပြီလို့ ပြောဆိုခဲ့ပါတယ်။
တံကောက်ကြောဒဏ်ရာတစ်ခုနဲ့အတူ ရက်သတ္တပတ် ၁၀ ပတ်ကြာအနားယူနေရာမှပြန်လည်ကောင်းမွန်လာတဲ့ ဒီလပ်က အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်ကစားခဲ့ပြီး ၂၆ မိနစ်အကြာမှာ နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ တိုက်စစ်မှူးက ခုနစ်မိနစ်တာကာလအပိုင်းအခြားအတွင်း မော့စကွီယာ၊ အက်ဂျ်ဘာဒူးတို့အပေါ် မလျော်မကန်ပြုမူမိလို့ ကွင်းအတွင်းမှ ထုတ်ပယ်ခံလိုက်ရပါတယ်။
အသင်းဖော်တိုက်စစ်မှူးဂျော်အိုပက်ဒရိုရဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိုးရိမ်ချက်တွေ ရှိနေချိန်မှာပဲ အသက်-၂၂ နှစ်အရွယ်တိုက်စစ်ကစားသမားက လန်ဒန်မြို့ခံပြိုင်ဘက်တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို လွဲချော်သွားပါလိမ့်မယ်။ ဒီလပ်အတွက် အနီကတ်ပြစ်ဒဏ်က ထိုက်တန်မှုရှိသလားဆိုတဲ့ မေးခွန်းကို မာရက်စ်ကာက “ အမှန်ပါပဲ၊ လုံးဝထိုက်တန်ပါတယ်။ အလွန်မိုက်မဲလွန်းတဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုပါ။ ဒီလိုအရာတွေကို ကျွန်တော်တို့ ရှောင်လွှဲနိုင်ပါတယ်”လို့ ပြောပါတယ်။
အခုလိုထုတ်ပယ်ခံရမှုက ချဲလ်ဆီးအတွက် ပိုမိုကြီးမားတဲ့ပြိုလဲမှုရဲ့ တစိတ်တပိုင်းအဖြစ် ထွက်ပေါ်လာခဲ့တာပါ။ သူတို့တွေက ပထမပိုင်းပွဲချိန်အတွင်း ဝုဗ်ကို ၃-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းပွဲချိန်မှာ ချေပဂိုးတွေ ပြန်ပေးရကာ ဂစ်တန်းစ်ရဲ့အံ့မခန်းနောက်ကျအနိုင်ဂိုးကြောင့်သာ ကာဒစ်ဖ်နဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်အတွက် အာမခံချက်ရရှိခဲ့ပါတယ်။
မာရက်စ်ကာက “ ပေးလိုက်ရတဲ့ချေပဂိုးသုံးဂိုးလုံးကို ကာကွယ်နိုင်သင့်တယ်လို့ ထင်ပါတယ်။ ဒီနေ့မှာလည်း မလိုလားအပ်တဲ့အနီကတ်ပြစ်ဒဏ်တစ်ခု ရရှိခဲ့ပါတယ်။ ပထမအဝါကတ်ပြစ်ဒဏ်အပြီး ဒီလပ်ကို ကျွန်တော် စိတ်အေးအေးထားဖို့ လေးငါးကြိမ်လောက် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီလပ်က ကွင်းတွင်းမှာရှိနေချိန် သူ့အတွက်သာ ပွဲစဉ်ကိုကစားပြီး အခြားသူတွေရဲ့စကားကို နားလည်ဖို့နဲ့ နားထောင်ပေးဖို့အတွက် ရုန်းကန်နေရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒီလပ်ရဲ့အနီကတ်ပြစ်ဒဏ်က ချဲလ်ဆီးရဲ့နောက်ဆုံးကိုးပွဲမှာ ခြောက်ကြိမ်မြောက်ရရှိတဲ့ အနီကတ်ပြစ်ဒဏ် ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်တွေထဲမှာ နိုင်ငံတကာသီတင်းပတ်မတိုင်ခင် လီဗာပူးကို နောက်ကျဂိုးဖြင့် အနိုင်ယူချိန် အပြင်းအထန်အောင်ပွဲခံခဲ့လို့ မာရက်စ်ကာကိုယ်တိုင်ရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်လည်း ပါဝင်ပါတယ်။
ချဲလ်ဆီးက ပြီးခဲ့တဲ့ဘောလုံးရာသီသုံးခုအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဝါကတ်အများဆုံးရရှိခဲ့တဲ့အသင်း ဖြစ်သလို အခုလိုစည်းကမ်းပိုင်းဆိုင်ရာအခြေအနေတွေကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိလာသလားဆိုတဲ့ မေးခွန်းတစ်ခု အီတာလျံသားနည်းပြဆီ ရောက်ရှိလာပါတယ်။
မာရက်စ်ကာက “ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ချာလိုဘာအနီကတ်ပြသခံရတာ၊ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ရောဘတ်ဆန်းချက်ဇ် အနီကတ်ပြသခံရတာတွေကို ကျွန်တော် အပြည့်အဝနားလည်ပေးနိုင်ပါတယ်။ ဒါ ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်နဲ့ ဒီနေ့ပွဲစဉ် အနီကတ်ပြစ်ဒဏ်ကိုတော့ ကျွန်တော်တို့ ရှောင်ရှားနိုင်သလို ရှောင်ရှားဖို့လည်း လိုအပ်ပါတယ်။
ငါးမိနစ်၊ ၁၀ မိနစ်လောက်အတွင်း ဒုတိယအကြိမ်အဝါကတ်ပြသခံရတာဖြစ်လို့ ဒီနေ့လိုမျိုး အနီကတ်ပြသခံရတာ ရှက်စရာကောင်းလွန်းပါတယ်။ နှစ်ခုလုံးကို ရှောင်ရှားနိုင်သင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် သိပ်တော့ မကောင်းလှပါဘူး”လို့ ဆက်ပြောပါတယ်။