 
                                                                        ယူနိုက်တက်ဘက်ကနေ မားမားမတ်မတ်ရပ်တည်ကြဖို့ ရော်နယ်ဒိုနဲ့ရွန်းနီကို နာနီတိုက်တွန်း
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း လူးဝစ်နာနီက အသင်းရဲ့အိုင်ကွန်ကစားသမား ၂ ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဝိန်းရွန်းနီတို့ကို အသင်းဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးကြဖို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ နာနီက လောလောဆယ်မှာယူနိုက်တက်ဟာ ရုန်းကန်နေရမှုမှ လမ်းကြောင်းမှန်ပေါ်စတင်ရောက်ရှိလာချိန်ဖြစ်လို့ အားပေးမှုလိုအပ်နေကြောင်းနဲ့ အခုလိုချိန်ဟာ ကလပ်ကစားသမားဟောင်းတွေရဲ့ အားပေးထောက်ခံမှုလိုအပ်နေကြောင်း ထောက်ပြပြောဆိုလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာနဲ့ရာသီသိမ်းခဲ့တဲ့ယူနိုက်တက်ဟာ ဥရောပဝင်ခွင့်နဲ့လည်းလွဲချော်ခဲ့ရတာကြောင့် နည်းပြရူဘင်အာမိုရင်အပေါ် ဖိအားတွေအပြုံလိုက်တိုးမြင့်စေခဲ့ပါတယ်။ ယခုအခါမှာတော့ အာမိုရင်ရဲ့နည်းစနစ်တွေဟာ ယူနိုက်တက်မှာအလုပ်ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက်နိုင်ပွဲရယူကာ ဖိအားတွေကိုလျှော့ချလာနိုင်ခဲ့ပြီဖြစ်ပါတယ်။
ယခုအခါမှာတော့ ပေါ်တူဂီလက်ရွေးစင်ဟောင်းက "ခရစ္စတီယာနိုရော်နယ်ဒိုနဲ့၊ ဝိန်းရွန်းနီတို့က ယူနိုက်တက်အတွက်အရမ်းအရေးပါတဲ့ ပုံရိပ်တွေအဖြစ်ကျန်ရှိနေတုန်းပါ။ သူတို့ကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားရယူနေတဲ့ကစားသမားတွေလည်း ယူနိုက်တက်မှာရှိနေတုန်းပါပဲ။ ဒီအချိန်မှာ အသင်းက သူတို့နှစ်ယောက်ရဲ့အားပေးမှုကိုလိုအပ်နေပါတယ်"
"အနာဂတ်မှာယူနိုက်တက်အနေနဲ့ သူတို့ ၂ ယောက်လိုကစားသမားမျိုးထပ်ပြီးပိုင်ဆိုင်ရဖို့က အရမ်းခက်ပါတယ်။ ဒါပေမယ့် သူတို့ကိုကလပ်အကြောင်းမေးပြီး သူတို့ပြန်ဖြေတဲ့အခါမှာ သူတို့ရဲ့အကြံဉာဏ်တွေနဲ့ အားပေးမှုတွေက အရမ်းအရေးကြီးပါတယ်" "ကျွန်တော်တို့အားလုံး ကစားသမားတွေကိုအားပေးဖို့လိုအပ်ပါတယ်။ မန်နေဂျာနဲ့ ပရိသတ်တွေကလည်း သူတို့ကိုယုံကြည်နေရပါမယ်။ အတိတ်မှာမြင်ခဲ့ရတဲ့ယူနိုက်တက်ကိုပြန်လည်မြင်တွေ့ရဖို့ ကစားသမားတွေကစွမ်းဆောင်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                