The network connection is lost.

Banner Image

ယူနိုက်တက်မှာရှိနေခဲ့ချိန်တွေကို ထင်ထင်ရှားရှားဝေဖန်ပြောဆိုလိုက်တဲ့ ရက်ရှ်ဖို့ဒ်

အတိတ်ကာလမှာ ကွင်းတွင်းတည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ ကာလရှည်ရုန်းကန်ခဲ့ရမှုအပေါ် မေးခွန်းထုတ်လာချိန် ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်ကစားသမားဘဝကို လက်ညှိုးထိုးဝေဖန်သွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က အကောင်းဆုံးပုံစံရှိနေချိန် ဘောလုံးလောကရဲ့ထူးချွန်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ဖူးပါတယ်။ သူက အိုးထရက်ဖို့ဒ်ကလပ်အသင်းမှာ ပရီးမီးယားလိဂ် ၁၇ ဂိုးသွင်းယူခဲ့ဖူးတဲ့ ဘောလုံးရာသီနှစ်ခုရှိခဲ့ဖူးသလို နောက်ထပ်ဘောလုံးရာသီနှစ်ခုမှာလည်း ၁၀ ဂိုးထက်မနည်း သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုစွမ်းဆောင်ရည်မျိုးကို ဆက်လက်ထိန်းသိမ်းထားဖို့ဆိုတာ အင်္ဂလန်လက်ရွေးစင်အတွက် စစ်မှန်တဲ့စိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြတူချယ်ကိုယ်တိုင်လည်း ရက်ရှ်ဖို့ဒ်ရဲ့အကြီးမားဆုံးချို့ယွင်းချက်အဖြစ် တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းမပြသနိုင်ခြင်းကို ထောက်ပြသူတွေထဲမှာ ပါဝင်ပြီး ပွဲစဉ်တိုင်းမှာသာ အခုလိုစူပါစတားစွမ်းဆောင်ရည်မျိုးပြသသွားနိုင်မယ်ဆိုရင် ရက်ရှ်ဖို့ဒ်ကို ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ရှင်းပြသွားခဲ့ပါတယ်။

အခုလိုတူချယ်ရဲ့အကဲဖြတ်မှုကို သဘောတူပါသလားလို့ မေးမြန်းချိန် ရက်ရှ်ဖို့ဒ်က ယူနိုက်တက်မှာရှိနေတဲ့ပတ်ဝန်းကျင်ဟာ သူ့ရဲ့ရုန်းကန်ရမှုတွေကို အထောက်အကူဖြစ်စေခဲ့တယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်။ ITV သတင်းဌာနနဲ့တွေ့ဆုံချိန် ရက်ရှ်ဖို့ဒ်က “ သေချာတာပေါ့၊ စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုရှိဖို့ဆိုတာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်က မတည်ငြိမ်တဲ့ပတ်ဝန်းကျင်တစ်ခုမှာ ကာလကြာရှည် ရှိနေခဲ့ဖူးပြီး ဒီလိုအခြေအနေတွေကြောင့်ပဲ တည်ငြိမ်မှုရှိဖို့ဆိုတာ ပိုလို့တောင် ခက်ခဲသွားပါတယ်။

ဒါပေမဲ့ တူချယ်ရဲ့အဆိုကို ကျွန်တော် အပြည့်အဝသဘောတူပါတယ်။ ကျွန်တော့်အမြင်အရလည်း တည်ငြိမ်မှု ဆိုတာ ကျွန်တော့်ပွဲစဉ်တွေဆီ ယူဆောင်လာဖို့ မဖြစ်မနေလိုအပ်တဲ့အရာလို့ ထင်ပါတယ်။ ဒါကိုလုပ်နိုင်ဖို့ ကျွန်တော်ရည်မှန်းထားပါတယ်။ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံကို တခါတရံမဟုတ်ဘဲ တက်နိုင်သမျှမကြာခဏဆိုသလို ရရှိသွားချင်ပါတယ်။

တည်ငြိမ်မှုအကြောင်း လူတွေပြောကြချိန် အားကစားမှာသာမက ဘယ်အရာမှာမဆို တည်တည်ငြိမ်ငြိမ်ရှိနေဖို့အတွက် ဘဝမှာ တသမတ်တည်းရှိနေဖို့၊ လေ့ကျင့်မှုပုံစံတွေ အပြောင်းအလဲသိပ်မရှိဖို့ လိုအပ်ပါတယ်။ အခုအချိန်အထိတော့ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အပြောင်းအလဲများစွာ ရှိလာခဲ့ပြီးပါပြီ။ ဒါပေမဲ့ အနာဂတ်ကို စောင့်မျှော်နေပါတယ်။ တည်ငြိမ်မှုကသာ ကျွန်တော့်ကို မကြာခဏတိုးတက်စေပြီး ကျွန်တော့်အတွက် အမှန်ကန်ဆုံးဖြစ်စေမယ့် အရာတစ်ခုပါ။ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံမှာရှိနေချိန်ဆိုရင် အားကစားနဲ့ပတ်သက်တဲ့အရာအားလုံးကို တကယ်နှစ်သက်မိပါတယ်”လို့ ပြောပါတယ်။

ရက်ရှ်ဖို့ဒ်က လူးဝစ်ဗန်ဟားလ်လက်အောက်မှာ စီနီယာကစားသမားဘဝပွဲဦးထွက်ကို ရရှိခဲ့ပြီး မော်ရင်ဟို၊ ဆိုးရှား၊ ရန်းနစ်ခ်၊ တန်ဟက်၊ ကာရစ်၊ နစ္စတယ်ရွိုင်း၊ လက်ရှိယူနိုက်တက်နည်းပြအာမိုရင်တို့နဲ့ လက်တွဲခဲ့ဖူးပါတယ်။ ဆိုးရှားလက်အောက်မှာ အကောင်းဆုံးပုံစံရရှိသွားတဲ့ ရက်ရှ်ဖို့ဒ်က ၁၃၅ ပွဲကစား၊ ၅၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃၆ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ကစားသမားဘဝမှာတော့ အဲ့ဒီလောက်အထိပွဲကစားချိန်မိနစ်တွေ မရရှိခဲ့ဖူးပါဘူး။

အခုတော့ ဟန်စီဖလစ်ခ်ရဲ့ဘာစီလိုနာနဲ့ လက်တွဲနေတဲ့ ရက်ရှ်ဖို့ဒ်က ကတ္တလန်ဒေသမှာ အထင်ကြီးလောက်စရာစတင်မှုတစ်ခုကို ပြသထားပါတယ်။ လာလီဂါချန်ပီယံတွေက လာမယ့်နွေရာသီ၊ အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန် သရဲနီကြယ်ပွင့်ကို အပြီးသတ်ဝယ်ယူနိုင်မယ့်အခွင့်အရေး ရှိနေပါတယ်။