ပွဲနဲ့ပတ်သက်ပြီး မှတ်စုရေးခြင်းတွေက တိုးတက်မှုတွေဖြစ်လာစေကြောင်း ပြောကြားလာတဲ့ လမ်မန်းစ်
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဆန်နီလမ်မန်းစ်က သူဟာ ပွဲမစမီနဲ့ ပွဲပြီးချိန်တွေမှာ ပြိုင်ဘက်အသင်းနဲ့ပတ်သက်တဲ့အဓိကအချက်တွေကို မှတ်စုရေးပြီး သိမ်းထားလေ့ရှိကြောင်းနဲ့ မှတ်စုရေးတာတွေက သူ့အတွက်တိုးတက်မှုတွေဖြစ်လာစေကြောင်း ပြောကြားလာခဲ့ပါတယ်။
Stadium Astro နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ လမ်မန်းစ်က "ကျွန်တော် မှတ်စုရေးတတ်တဲ့အကျင့်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က စလုပ်ခဲ့တယ်လို့ထင်ပါတယ်။ အဲဒီတုန်းက ကျွန်တော်အန့်တ်ဝပ်မှာကစားနေတာပါ။ ပွဲမစခင်နဲ့ ပွဲပြီးဆုံးချိန်မှာ ပွဲနဲ့ပတ်သက်တဲ့မှတ်စုတွေရေးလေ့ရှိပြီး ဒါကကျွန်တော့်အတွက်တိုးတက်စေဖို့ အထောက်အကူပြုပါတယ်"
"တစ်ခါတလေမှာ ဖြစ်ချင်တာတွေဖြစ်လာမလာတဲ့အခါ၊ ဒါမှမဟုတ် ခေါင်းထဲကနေထုတ်ပစ်ချင်တဲ့အခါတွေမှာ မှတ်စုချရေးပြီး ရင်ဘတ်ထဲကနေ ထုတ်ပစ်လိုက်ပါတယ်။ ဒါကကျွန်တော့်ရဲ့ကိုယ်ပိုင်အကျင့်တစ်ခုလိုဖြစ်လာပါတယ်။ ပြီးတော့အချို့လူတွေလည်း ဒီလိုလုပ်ကြတယ်ဆိုတာ ကျွန်တော်ကြားမိပါတယ်။ ဒါက ကျွန်တော့်အတွက်အများကြီးအထောက်အကူပြုလို့ အခုထိလုပ်နေတုန်းပါ"
"ပွဲမစခင်မှာ ပြိုင်ဘက်အသင်းအကြောင်း၊ သူတို့ဘယ်လိုကစားမယ်၊ ကျွန်တော့်ကိုဘယ်လိုဖိအားပေးနိုင်တယ်ဆိုတာတွေချရေးထားပါတယ်။ ပြီးတော့ ပွဲတစ်လျှောက်လုံးကျွန်တော်မှတ်ထားရမယ့် အဓိကအချက်တွေနဲ့ ပြိုင်ဘက်ကစားသမားတစ်ဦးချင်းရဲ့အကြောင်းတွေကိုလည်း ရေးထားပါတယ်"
"ပြီးပြည့်စုံတဲ့ဂိုးသမားဆိုတဲ့ဂုဏ်ပုဒ်က ကျွန်တော်အလိုချင်ဆုံးအရာပါ။ ဂိုးပေါက်ကာကွယ်တာ သက်သက်မဟုတ်ဘဲ၊ ကန်တင်ဘောတွေကိုထွက်ဖမ်းရတာနဲ့ ခံစစ်ကိုကူညီပေးရတာတွေလည်းပါဝင်ပါတယ်။ ကျွန်တော့်ရဲ့ဘောလုံးပေးပို့မှုကလည်း ဂုဏ်ယူစရာဖြစ်ပေမယ့် ဂုဏ်အယူရဆုံးကတော့ ဘယ်ခြေ၊ ညာခြေနဲ့ပါကစားနိုင်တာပါ"
"ခြေထောက် ၂ ဖက်စလုံးသန်ရင် ပြိုင်ဘက်တွေဖိအားပေးဖို့ခက်ခဲပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာက ကန်တင်ဘောတွေကိုထွက်ဖမ်းနိုင်ဖို့က တကယ်ခက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့ထိထွက်ပြီးဘောလုံးဖမ်းချင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လည်းလိုပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။