ယာမယ်လ်ထက် အမ်ဘာပေက မက်ဆီလိုဖြစ်လာဖို့ ပိုအလားအလာရှိတယ်လို့ပြောကြားလိုက်တဲ့ ဂူတီ
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားဟောင်း ဂူတီက အသင်းရဲ့တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ဘာစီလိုနာရဲ့ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ထက်ပိုကောင်းတာကြောင့် တစ်ချိန်မှာ ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် လီယွန်နယ်မက်ဆီလိုဖြစ်လာနိုင်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက ယာမယ်လ်ဟာ ဒီယေဂိုမာရာဒိုနာ၊ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့လိုအဆင့်အတန်းမျိုး ရောက်ရှိလာနိုင်ကြောင်း အခိုင်အမာပြောကြားလာခဲ့တာကြောင့် ယခုအခါမှာဂူတီက အမ်ဘာပေကသာ ပိုပြီးတော့ အလားအလာရှိနိုင်ကြောင်း ထောက်ပြလာခဲ့တာဖြစ်ပါတယ်။
ဂူတီက "ကျွန်တော့်အနေနဲ့ ယာမယ်လ်ကို ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးဖို့အလားအလာရှိတဲ့ကစားသမားတစ်ယောက်ဆိုတာတော့ မြင်ပါတယ်။ ဒါပေမယ့် သူ့ကို ကမ္ဘာ့အကောင်းဆုံးကစားသမား ၃ ယောက်နဲ့သွားယှဉ်လို့တော့မရသေးပါဘူး"
"မာရာဒိုနာက အသင်းဖော်ကောင်းတွေမရှိဘဲနဲ့ မက္ကဆီကိုမှာ ကမ္ဘာ့ဖလားယူနိုင်ခဲ့ပါတယ်။ ပြီးတော့ ရော်နယ်ဒိုနဲ့မက်ဆီတို့ကလည်း ၁၀ နှစ်ဆက်တိုက်၊ ၁ ရာသီကို ဂိုး ၅၀ လောက်သွင်းခဲ့တဲ့သူတွေပါ။ ဒီလိုတွေလုပ်နိုင်ဖို့က ဘယ်သူ့အတွက်မဆိုခက်ခဲပါတယ်။ ဒါကြောင့် သူတို့လိုအဆင့်အတန်းမျိုးရောက်ဖို့ဆိုရင် အမ်ဘာပေက ယာမယ်လ်ထက်တောင်ပိုနီးစပ်နိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယာမယ်လ်ကို ကွင်းပြင်ပမှာ သူ့စိတ်ကြိုက်နေခိုင်းဖို့လိုအပ်ကြောင်းကို ဂူတီက "ကျွန်တော်တို့နေနေတဲ့ လက်ရှိကမ္ဘာကြီးက ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ လူတိုင်းမှာ ဖုန်းတွေ၊ ကားတွေရှိနေပြီး သတင်းအချက်အလက်တွေက ချက်ချင်းမျှဝေပေးနိုင်ပါတယ်။ လူတိုင်းက သူတို့ရဲ့စိတ်ထဲမှာရှိတာတွေ၊ ထင်မြင်ချက်တွေကို လွယ်လွယ်ကူကူချပြနေတဲ့ခေတ်ပါ"
"ယာမယ်လ်က ဘောလုံးကစားတာအရမ်းတော်တဲ့ လူငယ်လေးတစ်ယောက်ပါပဲ။ သူ့ရဲ့ကိုယ်ပိုင်ဘဝကို သူ့ဘာသာပဲပုံဖော်ပါလိမ့်မယ်။ ဘယ်သူမှသွားပြီးမနှောင့်ယှက်သင့်ပါဘူး။ကျွန်တော်တို့သူ့ကိုလေးစားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။