The network connection is lost.

Banner Image

ဘာစီလိုနာမှထွက်ခွာမယ်ဆိုတဲ့ကောလာဟလတွေကို ရာဖင်ဟာငြင်းဆန်

ဘာစီလိုနာတောင်ပံကြယ်ပွင့်ရာဖင်ဟာတစ်ယောက် မကြာသေးမီက အသင်းကနေထွက်ခွာတော့မယ်လို့ ကောလာဟလတွေထွက်ပေါ်လာခဲ့ပေမယ့် ယခုအခါမှာ ကစားသမားက အဆိုပါသတင်းတွေက အဓိပ္ပာယ်မရှိကြောင်းနဲ့ အသင်းကနေထွက်ခွာမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

သတင်းတွေအရ အသက်-၂၈ နှစ်အရွယ်ကစားသမားဟာ‌ ဆော်ဒီအာရေဗျကလပ်တွေနဲ့ သဘောတူညီမှုရရှိထားပြီး ဘာစီလိုနာဘက်ကလည်း ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြလို့ဖော်ပြထားကြတာဖြစ်ပါတယ်။  သို့သော်လည်းယခုအခါမှာ ရာဖင်ဟာက "ဒီလိုအခြေအမြစ်မရှိတဲ့သတင်းတုတွေကို သူတို့ဘယ်ကနေရကြလဲမသိပါဘူး။ ကျွန်တော်နဲ့ပတ်သက်တဲ့သတင်းတွေက အမှားတွေချည်းပါပဲ။ အရမ်းတော်ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဘရာဇီးလက်ရွေးစင်ဟာ ၂၀၂၂ ခုနှစ်မှာ လိဒ်မှ ဘာစီလိုနာသို့စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းကိုချစ်တဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်း သက်သေပြသထားပြီးဖြစ်ပါတယ်။ မကြာသေးမီကတော့ ကစားသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် အချိန်အနည်းငယ်အနားယူခဲ့ရပြီး ပြီးခဲ့တဲ့စနေနေ့က ရီးရဲလ်ဘက်တစ်ကို ၃-၅ နဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်ကိုလွဲချော်ခဲ့ပါတယ်။

ရာဖင်ဟာအနေနဲ့ ဘာစီလိုနာအတွက်အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ်ရပ်တည်ထားပေမယ့် သူနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကတော့ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ ကစားသမားဟာ မကြာခဏဆိုသလို ပရီးမီးယားလိဂ်သို့ပြန်သွားမယ်လို့ သတင်းတွေပေါ်နေပြီး ယခုအခါမှာ‌တော့ ဆော်ဒီပရိုလိဂ်ရဲ့ချိတ်ဆက်မှုတွေရရှိထားတယ်လို့ ကောလာဟလတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

လက်ရှိဘာစီလိုနာရဲ့ကစားကွက်မှာ ရာဖင်ဟာ၊ ပီဒရီနဲ့ လာမိုင်းယာမယ်လ်တို့ရဲ့အတွက်အဖက်က အတော်လေးအကျိုးသက်ရောက်မှုရှိနေတာဖြစ်သလို၊ နည်းပြချုပ်ဟန်ဆီဖလစ်ကလည်း ရာဖင်ဟာကို မျက်နှာသာပေးလေးရှိတာကြောင့် ဘရာဇီးသားအနေနဲ့ နူးကမ့်မှာပဲ ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်ထားပုံပေါ်ပါတယ်။ 

ဒါကြောင့် ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားမှုတွေရှိနေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားခဲထားတဲ့ရာဖင်ဟာတစ်ယောက် လောလောဆယ်မှာတော့ ဘာစီလိုနာကနေထွက်ခွာဖို့ အလားအလာမရှိသေးပါဘူး။