ယူနိုက်တက်ကို ရှုံးနိမ့်ဖို့က ပွဲ ၁ ထောင်မှာ ၁ ပွဲသာ ဖြစ်နိုင်ချေရှိကြောင်း ပြောကြားလာတဲ့ အာတီတာ
ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အခုလိုရှုံးနိမ့်ခဲ့ခြင်းကို မယုံကြည်နိုင်ကြောင်းနဲ့ ခြေစွမ်းအရ အခုလိုရလဒ်မျိုးဟာ ပွဲ ၁ ထောင်မှာ ၁ ပွဲသာဖြစ်နိုင်ချေရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က စတင်သွင်းယူပေးခဲ့ပေမယ့် ပွဲကစားချိန် ၆၁ မိနစ်မှာ နောက်ခံလူ ဒီယေဂိုဒါလော့ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် အာဆင်နယ်အနေနဲ့ အချိန်ပိုအပါအဝင် ပွဲချိန်တစ်ဝက်လောက်အထိ ကစားသမား ၁ ယောက်အသာနဲ့ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
၆၃ မိနစ်မှာ ချေပဂိုးပြန်လည်ရရှိခဲ့ပြီးနောက် ပွဲကစားချိန် မိနစ် ၉၀ ပြည့်ဖို့ ၁၈ မိနစ်အလိုမှာ အာဆင်နယ်အနေနဲ့ အနိုင်ရလဒ်ကိုပုံဖော်နိုင်ဖို့ နောက်ထပ်အခွင့်အရေးအဖြစ် ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပေမယ့် အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်တစ်ယောက် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိလို့ အချိန်ပိုနဲ့ ပင်နယ်တီတွေအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ အပိုင်အခွင့်အရေးတွေအများအပြားရရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းချက် ၂၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့ကာ စွမ်းဆောင်ရည်ပိုင်းမှာ ယူနိုက်တက်ထက် သာလွန်ခဲ့တာကြောင့် အာတီတာအနေနဲ့ အခုလိုရှုံးနိမ့်မှုကို လက်မခံနိုင်ဖြစ်နေပါတယ်။ အာတီတာက “ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာ မယုံနိုင်စရာပါပဲ။ အသင်း ၂ သင်းရဲ့စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်ရင် ဒီပွဲက ကျွန်တော်တို့နိုင်သင့်တဲ့ပွဲဆိုတာ တစ်မိုင်လောက်အကွာအဝေးကနေ လှမ်းကြည့်ရင်တောင် သိနိုင်ပါတယ်။ ကျွန်တော် ကျွန်တော့်ကစားသမားတွေကို ချစ်ပါတယ်။ ဒါပေမယ့် ဒီလိုပုံစံနဲ့ ရှုံးနိမ့်တာမျိုးက ပွဲ ၁ ထောင်လောက်မှာမှ ၁ ကြိမ်လောက်ပဲရှိပါလိမ့်မယ်။ ကျွန်တော်တို့ ဒီပွဲကို မေ့ထားခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ ပွဲစဉ်အတွက် အာရုံစိုက်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာတော အာဆင်နယ်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်ကို အမ်းမရိတ်စ်မှာပဲ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အိမ်ကွင်းမှာ အနိုင်ရလဒ်ကို ပြန်လည်ပုံဖော်သွားနိုင်လား စောင့်ကြည့်ရပါမယ်။