
ဂိုးသွင်းနှုန်းကျဆင်းနေတဲ့ ယောကရက်စ်ကို သည်းခံပေးဖို့ အာဆင်နယ်ပရိသတ်တွေကို နည်းပြ အာတီတာ မေတ္တာရပ်ခံ
အာဆင်နယ်တိုက်စစ်မှူး ဗစ်တာယောကရက်စ်ဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် ၇ ပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နည်းပြ မီကယ်အာတီတာက ပရိသတ်တွေကို သည်းခံပေးဖို့နဲ့ အားပေးဖို့တိုက်တွန်းခဲ့ပါတယ်။
စပို့တင်းအသင်းကနေ ပေါင်သန်း ၆၀ နဲ့ နွေရာသီမှာ အာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူးဟာ ပေါ်တူဂီမှာ ၃၉ ဂိုးသွင်းယူခဲ့တဲ့ခြေစွမ်းကို ပရီးမီးယားလိဂ်မှာ ပြန်လည်မပြသနိုင်သေးဘဲ အသင်းနဲ့နိုင်ငံအတွက် ၁၄ ပွဲကစားရာမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အာတီတာက တိုက်စစ်မှူးဟာ စိတ်ပိုင်းဆိုင်ရာခိုင်မာအောင်ထားဖို့လိုအပ်ကြောင်း အစောပိုင်းတွေ့ဆုံမှုတွေမှာတည်းကပြောခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အာတီတာက "ဒီနေ့မှာတောင် သူက (၂) ကြိမ်၊ (၃) ကြိမ်လောက်အထိ ဂိုးသွင်းဖို့အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံးက သူဂိုးသွင်းတာကိုမြင်ချင်နေကြပါတယ်။ အသင်းအတွက် သူရဲ့လုပ်အားက အံ့မခန်းပါပဲ၊ ဒါကြောင့် ကျွန်တော်တို့က သူ့ကိုအားပေးမှုနဲ့ ချစ်ခင်မှုတွေပေးဖို့ကြိုးစားနေပါတယ်၊ ဂိုးတွေသွင်းယူနိုင်မှာပါ"လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်နည်းပြက ကစားသမားကို ခေါ်ယူခဲ့တဲ့အချိန်ကတည်းက သူတို့ရဲ့ဆွေးနွေးမှုတွေကနေ တိုက်စစ်မှူးအပေါ်ယုံကြည်မှုရှိတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "အခက်အခဲတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပြောခဲ့ကြပါတယ်။ သူက ကျွန်တော့်ကို 'အဆင်ပြေပါတယ်' လို့ပဲကြည့်ပြီးပြောခဲ့တယ်။ ဒါကသူ့ရဲ့စိတ်ဓာတ်ပါ - စိတ်ခံစားမှုမရှိဘဲ အာရုံစိုက်ထားတဲ့စိတ်ဓာတ်ပါပဲ။ အဲဒါကြောင့် သူ့ကိုချစ်တာပါ" လို့အာတီတာကရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ယောကရက်စ်ရဲ့စိတ်ဓာတ်ခွန်အားနဲ့ သဘောထားကိုလည်း ချီးကျူးခဲ့ပါတယ်။
"သူက ကစားသမားဘဝတစ်လျှောက်လုံး ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူး။ သူ့ရဲ့ခရီးလမ်းမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ ဘယ်ကစားသမားရဲ့တိုးတက်မှုကမှ ဖြောင့်တန်းတဲ့လမ်းကြောင်းမဟုတ်ပါဘူး။ ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူကအဲဒါကိုလုပ်ဆောင်နေပါတယ်" လို့အာတီတာကပြောခဲ့ပါတယ်။