The network connection is lost.

Banner Image

ဆွီဒင်လက်ရွေးစင်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဂရေဟမ်ပေါ်တာ

ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ ဆွီဒင်လက်ရွေးစင်နည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဆွီဒင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေကြုံတွေ့ခဲ့ရပြီးနောက် နည်းပြ တွန်မက်ဆန်ကို ရာထူးနေထုတ်ပယ်ခဲ့ပြီး ယခုအခါမှာ နည်းပြအသစ်ရှာဖွေနေကာ ပေါ်တာကို အလားအလာရှိတဲ့နည်းပြသစ်အဖြစ် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဆွီဒင်ဟာ ကိုဆိုဗိုကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် နိုင်ငံတကာပွဲစဉ်နောက်ဆုံး ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာလည်း အောက်ဆုံးအထိရောက်ရှိနေတာကြောင့် တွန်မက်ဆန်ကို ရာထူးကနေထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာအနေနဲ့လည်း ပြီးခဲ့တဲ့လက ဝက်စ်ဟမ်းမှထွက်ခွာခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး ယခုအခါမှာ ဆွီဒင်လက်ရွေးစင်နည်းပြရာထူးကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 

ဆွီဒင်ဟာ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ အလက်ဇန်းဒါးအီဆက်၊ ဗစ်တာယောကရက်စ်နဲ့ လူးကပ်စ်ဘာ့ဂ်ဗောတို့လိုကစားသမားတွေကိုပိုင်ဆိုင်ထားပေမယ့် နည်းပြ တွန်မက်ဆန်ရဲ့လက်အောက်မှာတော့ ရလဒ်ကောင်းတွေဖန်တီးဖို့ကျရှုံးခဲ့တာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက်တောင် မသေချာတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။ 

မကြာသေးမီကပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ပေါ်တာက "ကျွန်တော့်အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ဘယ်လိုအသင်းကိုမဆိုကိုင်တွယ်ဖို့အသင့်ရှိပါတယ်။ ဆွီဒင်လက်ရွေးစင်နည်းပြတာဝန်က အတော်လေး စိတ်လှုပ်ရှားစရာပါ။ ကျွန်တော်ဆွီဒင်နိုင်ငံကိုချစ်ပြီး ဆွီဒင်ရဲ့ဘောလုံးကစားဟန်ကိုလည်း သဘောကျပါတယ်" လို့ဝန်ခံပြောကြားထားပါတယ်။

ပေါ်တာဟာ နည်းပြသက်တမ်းတစ်လျှောက် ဆွမ်ဆီး၊ ဘရိုက်တန်၊ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့လိုအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် ယခုအခါမှာတော့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းကို စတင်ကိုင်တွယ်သွားမလား စောင့်ကြည့်ရပါမယ်။