The network connection is lost.

Banner Image

အမ်းမရိတ်စ်မှာ ရေပူမရရှိလို့ အာဆင်နယ်ဆီ စောဒကတက်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်

အင်္ဂါနေ့၊ ချန်ပီယံလိဂ်ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် အမ်းမရိတ်စ်ကွင်းရဲ့အဝတ်လဲခန်းအတွင်း ရေပူပြတ်တောက်နေလို့ အာဆင်နယ်ဆီ အက်သလက်တီကိုမက်ဒရစ်က စောဒကတက်ခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က အမ်းမရိတ်စ်ကွင်းရဲ့တနင်္လာနေ့မိုးရေထဲမှာ လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် ကွင်းအတွင်း ရေပူရေအေးစနစ်ချို့ယွင်းချက်ပြင်ဆင်မှုကို တစ်နာရီကျော်ကြာ စောင့်ဆိုင်းပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ သူတို့အသင်းတည်းခိုရာဟိုတယ်ဆီသာ ပြန်သွားခဲ့ပါတယ်။

ရေပူရေအေးချို့ယွင်းချက်က အိမ်ရှင်အဝတ်လဲခန်းမှာရော၊ ဧည့်သည်အဝတ်လဲခန်းမှာပါ သက်ရောက်မှုရှိခဲ့ပါတယ်။ ဒီချို့ယွင်းချက်ကို အာဆင်နယ်အသင်းတာဝန်ရှိသူတွေ သိသိချင်းမှာပဲ မိနစ် ၄၀ အတွင်း ပြင်ဆင်ပေးခဲ့ပေမဲ့ ဆီမြွန်နီရဲ့အသင်းကတော့ လေ့ကျင့်မှုအစီအစဉ်ကို စောစောစီးစီးရပ်နားသွားခဲ့ပါတယ်။ အခုလိုအဆင်မပြေဖြစ်မှုအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းက လာလီဂါပြိုင်ဘက်ဆီ တောင်းပန်ခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်က အားကစားကွင်းအခြေခံအဆောက်အအုံဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ အသင်းအဝတ်လဲခန်းတွေမှာ ရေပူရေအေးစနစ်တပ်ဆင်ထားရမယ်လို့ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ ပြိုင်ပွဲကျင်းပချိန်အတွက်သာဖြစ်ပြီး ပွဲကြိုလေ့ကျင့်ချိန်တွေနဲ့ မသက်ဆိုင်ပါဘူး။ အာဆင်နယ်နဲ့ အက်သလက်တီကိုမက်ဒရစ်က ချန်ပီယံလိဂ်ရဲ့လိဂ်ပုံစံအုပ်စုအဆင့်ပွဲစဉ်အဖြစ် အင်္ဂါနေ့၊ အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားပါမယ်။

လတ်တလောမှာ အာဆင်နယ်က အိုလံပီယာကို့စ်၊ ဘီလ်ဘာအိုတို့နဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်နှစ်ခုကို အနိုင်ရရှိပြီး အမှတ်ပေးဇယားပဉ္စမနေရာမှာ ရှိနေပါတယ်။ တဖက်မှာလည်း အက်သလက်တီကိုမက်ဒရစ်က လီဗာပူးကိုရှုံးနိမ့်ကာ ဖရန့်ဖတ်ကို အနိုင်ယူပြီးနောက် အမှတ်ပေးဇယားအဆင့်-၁၀ နေရာမှာ ရပ်တည်နေပါတယ်။