The network connection is lost.

Banner Image

ကာရာဘောင်ဖလား ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် ပြိုင်ဘက် ချဲလ်ဆီးအသင်းကို ချီးကျူးခဲ့တဲ့ ဒီကလန်ရိုက်စ်

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ချဲလ်ဆီးကိုအနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပေမယ့် ပြိုင်ဘက် ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုအတွင်း ကိုင်ဟာဗက်ဇ် သွင်းယူပေးခဲ့တဲ့ အဖိုးတန်အနိုင်ဂိုးနဲ့အတူ ၁ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး - ၂ ဂိုးနဲ့ အာဆင်နယ်တို့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဒီကလန်ရိုက်စ်က အိုင်တီဗွီနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ "တကယ်တော့ ချယ်လ်ဆီးကို အသိအမှတ်ပြုရမှာပါ။ သူတို့ရဲ့ နည်းပြသစ် ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းဟာ တကယ်ကို တိုးတက်ကောင်းမွန်လာခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒီနေ့ညမှာ သူတို့က ကစားကွက် ပုံစံပြောင်းလဲပြီး ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။ တခြားတစ်ဖက်မှာဆိုရင် သူတို့ ဂိုးတွေတောင် ရသွားနိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းကလည်း တကယ့်ကို အံ့အားသင့်စရာကောင်းလောက်အောင် ကစားနိုင်ခဲ့ပါတယ်" လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းမှာ အောင်မြင်မှုကို ဆာလောင်နေတဲ့ ကစားသမားတွေ ရှိနေပြီး ဘယ်လိုအသင်းနဲ့ပဲ ရင်ဆိုင်ရပါစေ အဆင်သင့်ဖြစ်နေတယ်လို့ ရိုက်စ်က ဆိုပါတယ်။ ချယ်လ်ဆီးလို အသင်းနဲ့ ကစားရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှုရှိဖို့ လိုအပ်တယ်လို့လည်း ရိုက်စ်က ထောက်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်၊ ၄ နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့်မှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး အောင်မြင်မှုနဲ့ နီးစပ်ခဲ့ပေမဲ့ လုံလောက်တဲ့ အဆင့်အတန်းတစ်ခုကို မရောက်ရှိခဲ့ဘူးလို့လည်း ၎င်းက ဝန်ခံခဲ့ပါတယ်။
ဒါကြောင့်လည်း ဒီရာသီမှာ ပြိုင်ပွဲတိုင်းမှာ အရင်ကထက် ပိုမိုခြေလှမ်းလှမ်းနိုင်ဖို့ ပြင်းပြတဲ့ ဆန္ဒတွေရှိနေတာဖြစ်ပြီး အခုလို အသင်းနဲ့အတူ ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိခဲ့တာဟာ ပျော်ရွှင်စရာကောင်းတဲ့ ခံစားချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ရှေ့မှာ လျှောက်လှမ်းရမယ့် လမ်းက အဝေးကြီး ကျန်သေးပေမဲ့ ဒီကလပ်အသင်းနဲ့အတူ ဗိုလ်လုပွဲတက်နိုင်ခဲ့တာကတော့ တကယ့်ကို ဝမ်းသာစရာပါပဲ" လို့ ဒီကလန်ရိုက်စ်က ဖွင့်ဟခဲ့ပါတယ်။