ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကာအကွယ်မျက်နှာဖုံးတပ်ဆင်ကစားသွားမယ့် အင်္ဂလန်နောက်ခံလူစပန့်စ်
ပြီးခဲ့တဲ့လ၊ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း မေးရိုးကျိုးဒဏ်ရာရရှိခဲ့တဲ့ အင်္ဂလန်နောက်ခံလူစပန့်စ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ကိုယ်ရေအကာအကွယ်သုံးမျက်နှာဖုံးဝတ်ဆင်ပြီး ကစားသွားရမယ်လို့ ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ကစားသမားက ချဲလ်ဆီးတိုက်စစ်မှူးဒီလပ်နဲ့တိုက်မိကာ အခုလိုဒဏ်ရာရရှိခဲ့ပြီးနောက် အဲဗာတန်နဲ့ရင်ဆိုင်ရတဲ့ ရာသီပိတ်ပွဲစဉ်မှာလည်း မျက်နှာဖုံးဝတ်ဆင်ကစားခဲ့ပါတယ်။
"ဒါက နည်းနည်းတော့ သက်တောင့်သက်သာမရှိပေမဲ့လည်း ဘာပဲဖြစ်ဖြစ် အကာအကွယ်တော့ ရတာပေါ့ဗျာ" လို့ စပန့်စ်က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ကျွန်တော့်မှာ မေးရိုးကျိုးဒဏ်ရာရှိနေလို့ ပြိုင်ပွဲကာလတစ်လျှောက်လုံး ဝတ်ဆင်ကစားသွားရပါမယ်။ ဒါက ကျွန်တော် ကျင့်သားရအောင် လုပ်ရမယ့် အရာတစ်ခုပေါ့။ ဒဏ်ရာလုံးဝပျောက်ကင်းဖို့ သုံးလလောက်ကြာမြင့်နိုင်လို့ တော်တော်လေးတော့ အချိန်ယူရပါလိမ့်မယ်။"လို့ ဆက်ပြောခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ပွဲပြီးချိန်အထိပါဝင်ကစားခဲ့တဲ့ စပန့်စ်က ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ မလွဲချော်နိုင်ဘူးလို့ ယူဆခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
"ဒါက နာကျင်ပေမဲ့ ကံကောင်းတာက ကျွန်တော်က မေးရိုးနဲ့ကစားတာမဟုတ်ဘဲ ခြေထောက်နဲ့ ဘောလုံးကစားတာဖြစ်လို့ အားလုံးအဆင်ပြေပါတယ်" လို့ အသက် ၂၅ နှစ်အရွယ် ကစားသမားက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းက ဇွန် ၁၇ ရက်၊ ဒဲလပ်စ်မြို့မှာ ခရိုအေးရှားအသင်းနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ် စတင်ကစားပြီးနောက် ဂါနာ၊ ပနားမားအသင်းတို့နဲ့ ဆက်လက်ရင်ဆိုင်သွားရပါမယ်။