ပရီးမီးယားလိဂ်ဒိုင်တွေ မန်စီးတီးကိုပစ်မှတ်ထားပြီး ဒုက္ခပေးနေတယ်ဆိုတဲ့ ရိုဒီရီရဲ့အဆိုကို ဂွါဒီယိုလာ ငြင်းဆန်
မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းအပေါ် ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေ ပူးပေါင်းကြံစည်ပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ အသင်းရဲ့ကွင်းလယ်လူ ရိုဒရီရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပေမဲ့ ပွဲအပြီးမှာတော့ သရေကျခဲ့တာကြောင့် အမှတ်လျော့ခဲ့ရပြီး ချန်ပီယံဆုအတွက် အမှတ်ကွာဟချက် ပိုမိုကျယ်ပြန့်သွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ တော့တင်ဟမ်အသင်းရဲ့ ပထမချေပဂိုးဟာ ဒိုမီနစ်ဆိုလန်ကီက မာ့ခ်ဂူဟီကို ကန်လိုက်သလိုမျိုး ဖြစ်နေတဲ့အတွက် အငြင်းပွားဖွယ်ရာတွေ ဖြစ်ပေါ်ခဲ့တာပါ။
ပွဲအပြီးမှာတော့ ရိုဒရီက အော်စတြေးလျ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ စတန်းစပေါ့တ်နဲ့ အင်တာဗျူးမှာ "ကျွန်တော်တို့တွေ အကြိမ်ကြိမ် အောင်မြင်မှုတွေ ရထားတဲ့အတွက် လူတွေက ကျွန်တော်တို့ကို ထပ်ပြီး မနိုင်စေချင်တာကို သိပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးတွေကတော့ ဘက်မလိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အတွက်တော့ ရိုးရိုးသားသား ပြောရရင် ဒါဟာ မတရားပါဘူး" လို့ ဖွင့်ဟခဲ့ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက "အခု ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေဟာ ကျွန်တော်တို့နဲ့ပဲ ဆိုင်ပါတယ်။ အာဆင်နယ်နဲ့ ခြောက်မှတ်ကွာနေတာကလည်း လုံးဝကို ကျွန်တော်တို့ရဲ့ အမှားတွေကြောင့်ပဲ ဖြစ်ပါတယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက "ပုံရိပ်တွေကတော့ ရှိနေတာပဲလေ။ ကျွန်တော့်မှာ အမြင်တစ်ခုရှိသလို တခြားသူတွေမှာလည်း တခြားအမြင်တွေ ရှိကြမှာပါ။ မာ့ခ်က ဘောလုံးကို ထိန်းထားနိုင်တဲ့ အနေအထားမှာ နောက်ကနေ အကန်ခံလိုက်ရတာပါ။ အဲဒီနောက်မှာမှ သူက ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်သွားတာပါ" လို့ ရှင်းပြခဲ့ပါတယ်။
သူက ဆက်လက်ပြီး "ဆိုတော့ ဆိုလန်ကီက ဂိုးသွင်းတာ မဟုတ်ပါဘူး၊ မာ့ခ်က သွင်းလိုက်တာပါ။ တကယ်လို့ လူတွေက ဒီဂိုးကို ခွင့်ပြုသင့်တယ်လို့ ယူဆရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော်ကတော့ သဘောမတူပေမဲ့ ဘာမှတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။
ဒိုင်လူကြီးတွေက မန်စီးတီးကို အကွက်ကျကျ ပူးပေါင်းတိုက်ခိုက်နေသလားဆိုတဲ့ မေးခွန်းကိုတော့ ဂွါဒီယိုလာက "မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး။ မကောင်းတဲ့ အခြေအနေတွေ အားလုံးကို တိုက်ထုတ်သွားရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ မန်စီးတီးကို အပြစ်ပေးဖို့ ဒိုင်လူကြီးတွေ စုပေါင်းပြီး အစည်းအဝေးလုပ် တိုင်ပင်နေကြတယ်ဆိုတာမျိုး မရှိပါဘူး။ ကျွန်တော်လည်း အဲဒီလိုမျိုး တစ်ခါမှ မပြောခဲ့ဖူးပါဘူး" လို့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် စိတ်ပျက်မှုကိုတော့ မဖုံးကွယ်ခဲ့ပါဘူး။ "ကျွန်တော်က ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ အာရုံစိုက်ပါတယ်။ ဒါပေမဲ့ ဗီဒီယိုပုံရိပ်တွေကို ကြည့်ရင် ဒါဟာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ခဲ့တာ မဟုတ်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။
ဥပမာအနေနဲ့ ယူနိုက်တက်နဲ့ပွဲကို ထောက်ပြခဲ့ပြီး "ယူနိုက်တက်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းက ဒါလော့ရဲ့ လုပ်ရပ်အတွက် ကျွန်တော်တို့ ၈၀ မိနစ်လောက်ကို ၁၀ ယောက် ၁၁ ယောက်နဲ့ ကစားခဲ့ရမယ်ဆိုရင် အခြေအနေက ပြောင်းလဲသွားနိုင်မလား။ အဲဒီပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတောင် ကျွန်တော် ပြောခဲ့ပါသေးတယ်။ ၁၁ ယောက်ချင်း ကစားရင်တောင် ကျွန်တော်တို့ နိုင်မှာပါလို့။ မှတ်မိကြသေးရဲ့လား" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဂွါဒီယိုလာက စကားကို နိဂုံးချုပ်ရာမှာ "ကျွန်တော်ကတော့ ဒိုင်လူကြီးတွေအပေါ် အရမ်းကို သဘောထား ပြည့်ဝနေတာပါ။ ဒါပေမဲ့ သူတို့ကတော့ ကျွန်တော့်ကို မယုံကြဘူး" လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။