ဂျာကေးကို မျိုးဆက်သစ်အကောင်းဆုံးခံစစ်ကစာသမားအဖြစ် ချီးကျူးမှု ထွက်ပေါ်လာ
လီဗာပူးလ်အသင်းခေါ်ယူလိုက်တဲ့ခံစစ်မှူးသစ်ဂျာကေးကို နောင်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေအနက် တစ်ဦးဖြစ်လာလိမ့်မယ်ဆိုတဲ့ ချီးကျူးသံတွေ ထွက်ပေါ်လာပါတယ်။
အသက် ၂၀ နှစ်အရွယ်ရှိ ရန်းနက်စ်ခံစစ်မှူးအတွက် လီဗာပူးလ်က ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်းအထိ အသုံးပြုခဲ့တာပါ။
လက်ရှိမှာတော့ ဂျက်ကွက်ဟာ ရန်းနက်စ်ဆီမှာပဲ အခုရာသီကုန်အထိ အငှားဖြင့် ဆက်ကစားသွားပါလိမ့်မယ်။
ဂျာကေးက ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့်စာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးရင်း လာမယ့်နွေရာသီမှာ လီဗာပူးဆီ ပူးပေါင်းလာပါလိမ့်မယ်။
BBC Sport နဲ့အင်တာဗျူးမှာ ပြင်သစ်လူမျိုးဘောလုံးဝေဖန်သုံးသပ်သူ လောရင့်စ်က "ဒါဟာ တကယ့်ကို များပြားတဲ့ ငွေကြေးပမာဏဖြစ်ပေမဲ့ ဂျက်ကွက်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတစ်ယောက် ဖြစ်လာဖို့ အရာအားလုံး ပိုင်ဆိုင်ထားသူပါ။သူက သူ့မျိုးဆက်ရဲ့အငြင်းပွားဖွယ်မရှိ အကောင်းဆုံးဗဟိုခံစစ်မှူးဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဂျာကေးက အရပ်အမောင်းမြင့်မားသလို မြန်ဆန်ဖျတ်လတ်ပြီး သန်မာတဲ့သူလည်း ဖြစ်ပါတယ်။ အမြင့်ဘော၊ အနိမ့်ဘောတွေ ယှဉ်ပြိုင်ကစားရာမှာ စက်တစ်ခုလို အားကောင်းသလို ပွဲဖတ်နိုင်စွမ်းနဲ့ ဘောလုံးပေးပို့မှုအပိုင်းမှာလည်း ကောင်းမွန်တယ်လို့ သိရပါတယ်။
"သူက ဘောလုံးကို ကျွမ်းကျင်စွာ ကိုင်ကစားနိုင်တဲ့ ဗဟိုနောက်ခံလူစစ်စစ် တစ်ယောက်တော့ မဟုတ်သေးပါဘူး။ နည်းစနစ်ပိုင်းအရ တိုးတက်ဖို့ အများကြီး လိုအပ်နေသေးပေမဲ့ ထက်မြက်တဲ့လူငယ်တစ်ဦးဖြစ်လို့ ဗန်ဒိုက်လိုကစားသမားမျိုး ဖြစ်လာနိုင်ပါတယ်" လို့ လောရင့်စ်က သုံးသပ်ထားပါတယ်။
ဒါပေမဲ့ ပြင်သစ်လီဂူးဝမ်းမှ လီဗာပူးလ်လိုအသင်းကြီးဆီ ပြောင်းလာပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ဆိုတာ မလွယ်ကူလှတဲ့အခက်အခဲတစ်ခု ဖြစ်ပါတယ်။
"ယိုရိုနဲ့ ဆာလီဘာတို့တောင် အစပိုင်းမှာ ခက်ခဲခဲ့တာပါ။ ဒါပေမဲ့ ဂျာကေးကတော့ တကယ့်ပါရမီရှင်တစ်ဦးဖြစ်ပါတယ်" လို့ လောရင့်စ်က ဖွင့်ဟခဲ့ပါတယ်။