အာဆင်နယ်နဲ့လက်တွဲနို်ငဖို့ အခွင့်အရေးများနေတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဂေါ်ရက်ဇ်ကာ
အင်္ဂလန်ကလပ်အာဆင်နယ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူဂေါ်ရက်ဇ်ကာကို ခေါ်ယူဖို့ အလေးအနက်စိတ်ဝင်စားနေပါတယ်။
Bild သတင်းဌာန၊ ဘောလုံးကဏ္ဍအယ်ဒီတာချုပ်ခရစ္စတီယန်ဖော့ခ်ရဲ့အဆိုအရ လာမယ့်နွေရာသီမှာ ဂေါ်ရက်ဇ်ကာအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ဆီပြောင်းရွှေ့လာဖို့ အခွင့်အရေး တော်တော်လေး များနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလ အပိတ်ပိုင်းမှာလည်း အာဆင်နယ်အသင်းဟာ အသက် ၃၀ အရွယ် ဂျာမနီကွင်းလယ်လူကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါသေးတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ ဂေါ်ရက်ဇ်ကာက လက်ရှိဘောလုံးရာသီကုန်ဆုံးချိန်အထိ ဘိုင်ယန်မြူးနစ်မှာပဲ ဆက်ရှိနေချင်တယ်လို့ ထုတ်ပြောလာလို့ အပြောင်းအရွှေ့တရားဝင်ဖြစ်မလာခဲ့ပါဘူး။
အခုတော့ လန်ဒန်မြေဆီပြောင်းရွှေ့မှုဟာ နွေရာသီမှာ တကယ်ဖြစ်လာဖို့ အလားအလာပိုကောင်းနေပါတယ်။ အာဆင်နယ်ဘက်ကသာ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့မယ်ဆိုရင် စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂေါ်ရက်ဇ်ကာအနေဖြင့် မြောက်လန်ဒန်ကလပ်ဆီ ပူးပေါင်းဖို့ ရာခိုင်နှုန်းများပြားနေတယ်လို့ ခရစ္စတီယန်ဖော့ခ်က ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အာဆင်နယ်က ဂေါ်ရက်ဇ်ကာကိုခေါ်ယူနိုင်ဖို့အတွက် အက်သလက်တီကိုမက်ဒရစ်နဲ့ တော့တင်ဟမ်တို့လို ပြိုင်ဘက်တွေကို ကျော်ဖြတ်ရဦးမှာပါ။ ဒီအသင်းတွေဟာလည်း ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလကတည်းက ဂျာမနီလက်ရွေးစင်ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသခဲ့ကြတာ ဖြစ်ပါတယ်။
ဂေါ်ရက်ဇ်ကာကိုယ်တိုင်လည်း ဂျာမနီပြင်ပမှာသွားရောက်ကစားဖို့ ဆန္ဒရှိနေတာကို ပြီးခဲ့တဲ့သီတင်းပတ်၊အင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။
" တစ်ချိန်ချိန်မှာ ပြည်ပထွက်ကစားရတာက ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းမယ်လို့ ထင်ပါတယ်။ခြေလှမ်းသစ် တစ်ခုလှမ်းလိုက်တာဟာ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူဖြစ်လာပါလိမ့်မယ်။ အသစ်အဆန်းတွေကို လေ့လာခွင့်ရတာက ကျွန်တော့်ရဲ့ ဘဝကို ပိုပြီး ပြည့်စုံစေပါလိမ့်မယ်"လို့ ဂေါ်ရက်ဇ်ကာက ဆိုပါတယ်။