ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ ဘိုင်ယန်မှာပဲဆက်နေဖို့ဆုံးဖြတ်ထားတဲ့ ဟယ်ရီကိန်း
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၂ လအောက်ပဲ ကျန်တော့တဲ့အချိန်မှာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ်မှာ ဂျာမနီမြေကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အယ်လီယန့်ဇ်အာရီနာကွင်းမှာ ၁၄၇ ပွဲကစား၊ ၁၄၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ အံ့အားသင့်စရာ ခြေစွမ်းပြသနေသူပါ။ ဒါ့အပြင် ဒီနွေရာသီမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူပြီး စံချိန်သစ်တစ်ခုကိုလည်း တင်နိုင်ခဲ့ပါတယ်။
တော့တင်ဟမ်မှာ ရှိစဉ်တုန်းက ဆုဖလားနဲ့ ဝေးကွာခဲ့ပေမဲ့ ဂျာမနီမှာ ကစားခဲ့တဲ့ ၃ ရာသီအတွင်းမှာတော့ ဘွန်ဒက်လီဂါဖလား ၂ ကြိမ်နဲ့ ရာသီတိုင်းမှာ ရွှေဖိနပ်ဆုကို ရရှိခဲ့တာကြောင့် ဆယ်စုနှစ်တစ်ခုကြာအောင် စောင့်ဆိုင်းခဲ့ရတဲ့ ဆုဖလားအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
ဗင်းဆင့်ကွန်ပနီရဲ့ အသင်းမှာ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိလာချိန်မှာတော့ ပရီးမီးယားလိဂ်ကို ပြန်လာမယ့်သတင်းတွေ ထွက်ပေါ်နေပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်ကလည်း ကိန်းဟာ ဘွန်ဒက်လီဂါမှာ ကစားဖို့အတွက် အရမ်းကို တော်လွန်းနေတယ်လို့ မှတ်ချက်ပြုထားပါတယ်။
ကိန်းဟာ တော့တင်ဟမ်မှာတုန်းက ပရီးမီးယားလိဂ်သွင်းဂိုး ၂၁၃ ဂိုး သွင်းယူထားနိုင်ခဲ့သူဖြစ်တာကြောင့် အကယ်၍ မန်ချက်စတာယူနိုက်တက်ကသာ ကမ်းလှမ်းလာမယ်ဆိုရင် အလန်ရှီးယားရဲ့ စံချိန် (၂၆၀ ဂိုး) ကို ချိုးဖျက်ဖို့အတွက် စဉ်းစားသင့်တယ်လို့ အသင်းဖော်ဟောင်း ဝိန်းရွန်နီက တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ The Athletic ရဲ့ နောက်ဆုံးသတင်းတွေအရတော့ ကိန်းဟာ မန်ချက်စတာဒါမှမဟုတ် ဘာစီလိုနာကို ပြောင်းဖို့ စဉ်းစားနေခြင်းမရှိပါဘူး။ သူ့ရဲ့မိသားစုဟာ မြူးနစ်မှာ အခြေကျနေပြီဖြစ်သလို ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။
ကိန်းရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်တာကြောင့် ဒီနွေရာသီမှာ ဘိုင်ယန်အနေနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးရမှာ ဖြစ်ပေမဲ့ ကိန်းကတော့ ဇန်နဝါရီလကတည်းက အသင်းမှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် အသင်းပြောင်းဖို့ အစီအစဉ် မရှိတော့တာပါ။
ကွန်ပနီရဲ့ အနာဂတ်အစီအစဉ်တွေမှာ ကိန်းဟာ အရေးပါတဲ့သူ ဖြစ်နေပေမဲ့ သူ့ရဲ့ စာချုပ်သစ်ဟာ ၂ နှစ်ထက်တော့ ပိုဖို့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ၂၀၂၈ ယူရိုပြိုင်ပွဲကို အင်္ဂလန်မြေမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားလိုတဲ့ မျှော်လင့်ချက် ရှိနေလို့ပါပဲ။