The network connection is lost.

Banner Image

နယူးကာဆယ်တိုက်စစ်မှူးကိုခေါ်ယူဖို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းက နယူးကာဆယ်ထံမှ အီဆက်ခ်ကိုခေါ်ယူနိုင်ဖို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၂၅ သန်း(ယူရို ၁၄၄ ဒဿမ ၅ သန်း/ဒေါ်လာ ၁၆၉ ဒဿမ ၃ သန်း)ဆိုတဲ့ပမာဏကို သုံးစွဲခဲ့ပါတယ်။ အီဆက်ခ်ကိုယ်တိုင်လည်း လပေါင်းများစွာကြာပေါ်ပေါက်ခဲ့တဲ့ သူရဲ့အနာဂတ်ဇာတ်လမ်းကို အဆုံးသတ်ရင်း အန်ဖီးလ်မှာ ခြောက်နှစ်ကြာရှိနေမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အသက်-၂၅ နှစ်အရွယ်ကစားသမားက နွေရာသီကာလတစ်လျှောက်လုံး လီဗာပူးရဲ့အဓိကပစ်မှတ်ဖြစ်ခဲ့ပါတယ်။ 

ဒါပေမဲ့ နယူးကာဆယ်ကလည်း လီဗာပူးရဲ့ပေါင်သန်း ၁၁၀ တန်ကနဦးကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ကစားသမားကို ရောင်းချမှာမဟုတ်ဘူးလို့ ယတိပြတ်ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အီဆက်ခ်ကလည်း နယူးကာဆယ်အတွက် မကစားပေးနိုင်တော့ဘူးလို့ အတိအလင်းကြေညာခဲ့ပြီး စိန့်ဂျိမ်းစ်ပတ်ခ်ကလပ်ရဲ့ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်သုံးခုလွဲချော်မှုမတိုင်ခင် အသင်းဟောင်းဆိုစီဒက်မှာ သီးသန့်လေ့ကျင့်ခန်းဆင်းနေခဲ့ပါတယ်။ ဒါ့အပြင် အီဆက်ခ်က လူမှုကွန်ရက်မှတဆင့် နယူးကာဆယ်ကို ကတိကဝတ်ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့ပြီး ငှက်ကျားတွေကလည်း ဆွီဒင်လက်ရွေးစင်ကို အသင်းမှထွက်ခွာခွင့်ပေးရန် ကတိကဝတ်ပြုထားခြင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် BBC သတင်းဌာနရဲ့အဆိုအရ စတုဂတ်မှ ဝေါ်တီမိတ်ကို ပေါင် ၆၉ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီးနောက် နယူးကာဆယ်ရဲ့ အီဆက်ခ်အပေါ် ထားရှိတဲ့ ရပ်တည်ချက်ပြောင်းလဲသွားကာ ကစားသမားကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးဆီ ရောင်းချသွားဖို့ စဉ်းစားလာခဲ့တယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့က ၂၀၂၃ ခုနှစ်အတွင်း ဘင်ဖီကာမှ အန်ဇိုဖာနန်ဒက်ဇ်ကို ချဲလ်ဆီးအသင်းခေါ်ယူခဲ့တဲ့ ပေါင် ၁၀၇ သန်းဆိုတဲ့ပြောင်းရွှေ့ကြေးပမာဏထက် ကျော်လွန်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့နိုင်ခဲ့ပြီး ကျောနံပါတ်-၉ ဂျာစီဝတ်ဆင်မယ့် အီဆက်ခ်က “ ကျွန်တော်တော့ အံ့အားသင့်မိနေပါတယ်။ ဒီနေရာဆီရောက်ရှိဖို့ ခရီးရှည်ကြီးဖြတ်သန်းလာခဲ့ရတာပါ။ ဒါပေမဲ့ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ရလို့ အလွန်ပျော်ရွှင်မိပါတယ်။ ဒါကြောင့် အရမ်းဂုဏ်ယူမိပြီး ဒါတွေကိုပဲ မျှော်လင့်နေခဲ့တာပါ။ အပြောင်းအရွှေ့ပြီးမြောက်သွားတော့ အလုပ်ပြန်လုပ်နိုင်ပြီဖြစ်လို့ ဝမ်းသာမိပါတယ်။ အပြင်ထွက်ပြီး ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့အတူ ဆုံတွေ့နိုင်ဖို့ မစောင့်ဆိုင်းချင်တော့ပါဘူး” လို့ လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

အီဆက်ခ်က ဆွီဒင်ပြည်တွင်းကလပ် AIK နဲ့အတူ ကစားသမားဘဝစတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဒေါ့မွန်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဂျာမန်မြေမှာ ပွဲကစားချိန်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ ဆိုစီဒက်ဆီ မပြောင်းရွှေ့ခင် နယ်သာလန်ပြည်တွင်းကလပ် ဝီလမ်II မှာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကို အငှားကစားသမားဘဝနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ အီဆက်ခ်က လာလီဂါမှာတော့ အောင်မြင်တဲ့ဘောလုံးရာသီလေးခုအတွင်း ၁၃၂ ပွဲပါဝင်ကစားကာ ၄၄ ဂိုးသွင်းယူပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ၊ ကိုပါဒယ်လ်ရေးချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက နယူးကာဆယ်ဆီ ၂၀၂၂ ခုနှစ်မှာ ပြောင်းရွှေ့လာကာ ၁၀၉ ပွဲကစား၊ ၆၂ ဂိုးသွင်းယူပြီး ၁၉၅၅ ခုနှစ်နောက်ပိုင်း ကလပ်အသင်းအတွက် ပထမဆုံးဆုဖလားအဖြစ် ယမန်နှစ်ဘောလုံးရာသီ၊ ကာရာဘောင်းဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အီဆက်ခ်က လီဗာပူးကစားသမားဘဝပွဲဦးထွက်ကို နိုင်ငံတကာသီတင်းပတ်အပြီး ဘန်လေနဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်မှာ ရရှိသွားနိုင်ပါတယ်။ အန်းစလော့ရဲ့အသင်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို ဘုန်းမောက်၊ နယူးကာဆယ်၊ အာဆင်နယ်တို့ကို အနိုင်ယူကာ အတောက်ပဆုံးပုံစံနဲ့ စတင်ထားနိုင်ပါတယ်။ အလားတူ နယူးကာဆယ်ကလည်း စက်တင်ဘာ ၁၃ ရက်၊ ဝုဗ်ကို ဧည့်ခံကစားရမယ့်ပွဲစဉ်မှာ အခုဘောလုံးရာသီ၊ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။