The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲစဉ်အတွက် လီဗာပူးတိုက်စစ်မှူးအီကီတီကီ ပါဝင်ကစားနိုင်ဖို့ မသေချာသေး

ပရီမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်အတွက် ပေါင်ခြံဒဏ်ရာကြောင့် လေ့ကျင့်ခန်းပြန်မဆင်းနိုင်သေးတဲ့ တိုက်စစ်မှူးအီကီတီကီ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ လီဗာပူးနည်းပြအန်းစလော့ ထင်မြင်ယူဆနေပါတယ်။

အခုရာသီ၊ ပရီးမီးယားလိဂ်ရှစ်ဂိုးအထိ သွင်းယူထားနိုင်တဲ့ အီကီတီကီက သာမန်ဒဏ်ရာလို့ အန်းစလော့ကိုယ်တိုင်သတ်မှတ်ထားတဲ့အရာကြောင့် ဖူလ်ဟမ်နဲ့နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ အန်းစလော့က အပြောင်းအလဲတွေနဲ့ လျင်လျင်မြန်မြန်ရင်ဆိုင်နေရတဲ့ လီဗာပူးအသင်းအတွက် တိုက်စစ်မှူးအဆင်သင့်ဖြစ်ရန် အချိန်နီးကပ်လာပြီလို့ ပြောကြားခဲ့ပါတယ်။

အန်းစလော့က “ အခုအချိန်အထိတော့ ကျွန်တော်တို့နဲ့အတူ အီကီတီကီ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။ ဒီနေ့ ကျွန်တော်တို့နဲ့အတူ သူ လေ့ကျင့်ခန်းဆင်းနိုင်မလား စောင့်ကြည့်သွားရပါမယ်။ လွန်ခဲ့တဲ့နှစ်ရက်၊ သုံးရက်လောက်က ဖူလ်ဟမ်နဲ့ကစားပြီးချိန် အီကီတီကီ အကြာကြီးအနားမယူရပါဘူးလို့ ကျွန်တော် ပြောခဲ့ပေမယ့် ပွဲစဉ်တွေ အလျှင်အမြန်ရောက်ရှိလာလို့ အတိအကျပြောဖို့တော့ ခက်ခဲလွန်းပါတယ်။ သူက အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်မလား (သို့မဟုတ်) နောက်ထပ်တစ်ရက်၊ နှစ်ရက်လောက် အနားယူရဦးမလားဆိုတဲ့ အခြေအနေနှစ်ခုအကြားမှာပဲ ရှိနေပါသေးတယ်”လို့ ပြောပါတယ်။

ခြေထောက်အရိုးကျိုးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ အီဆက်ခ်နဲ့ အာဖရိကဖလားပြိုင်ပွဲဝင်နေတဲ့ မိုဆာလက်တို့ကြောင့် အီကီတီကီမကစားပေးနိုင်ခြင်းက အန်းစလော့အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
အီကီတီကီမပါဝင်နိုင်ဘူးဆိုရင် တိုက်စစ်မြှားဦးမှာ ဂတ်ပိုကို အန်းစလော့ ထပ်မံအသုံးပြုသွားနိုင်ပါတယ်။

နယ်သာလန်တိုက်စစ်မှူးက အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ငါးဂိုးသွင်း၊ သုံးကြိမ်ဂိုးဖန်တီးပေးထားပါတယ်။ အန်းစလော့ရဲ့အသင်းက ပရီမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ ၁၄ မှတ်အကွာ၊ အဆင့်-၄ နေရာမှာ ရှိနေပါတယ်။ အခုလိုဒဏ်ရာပြဿနာစိုးရိမ်မှုတွေရှိနေပေမယ့် လီဗာပူးက နောက်ဆုံးကိုးပွဲဆက်ရှုံးပွဲမရှိအောင် ကစားထားနိုင်ပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ အဲ့ဒီပွဲစဉ်တွေအကုန်လုံးကို အနိုင်ရရှိခဲ့တာမဟုတ်ဘူးလို့ ညည်းညူခဲ့ပါတယ်။

အန်းစလော့က “ ကိုးပွဲဆက်မရှုံးနိမ့်ခဲ့ပေမယ့် နှစ်ပွဲထက်မနည်း သရေကျခဲ့တယ်ဆိုတာလည်း အမှန်ပါပဲ။ အခု ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေသလဲ? ဒီမေးခွန်းရဲ့အဖြေနဲ့ပတ်သက်လို့ ကျွန်တော်တို့ရောက်ချင်တဲ့နေရာဆီ မရောက်သေးဘူးလို့ အကြိမ်ပေါင်းများစွာဖြေကြားခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့မှာ အရည်အသွေးအပြည့်ရှိတဲ့ အသင်းလူစာရင်းတစ်ခုရှိတယ်လို့ ခံစားမိပါတယ်။ လူတိုင်းအဆင်သင့်ဖြစ်နေမယ်ဆိုရင် ထူးရှယ်အရာတွေကို ကျွန်တော်တို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။