ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ တော့တင်ဟမ်ရဲ့ လူငယ်ကြယ်ပွင့် လူးကပ်စ်ဘာ့ဗယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ
အခုနွေရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ တော့တင်ဟမ်အသင်းကနေ လူးကပ်စ်ဘာ့ဗယ်ကို အရခေါ်ယူဖို့ ချဲလ်ဆီးနဲ့ အာဆင်နယ် နှစ်သင်းစလုံးက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ (ဧပြီလ ၁၈ ရက်) က ဘရိုက်တန်အသင်းနဲ့ ၂-၂ ဂိုးနဲ့ သရေကျခဲ့ပြီးနောက်မှာ တော့တင်ဟမ်ဟာ ရာသီပိတ်ဖို့ လက်ကျန် ၅ ပွဲသာ လိုတော့တဲ့အချိန်မှာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အသည်းအသန် ရုန်းကန်နေရတာပါ။
အသင်းအနေနဲ့ တန်းတင်ကျန်ခဲ့သည်ဖြစ်စေ၊ မကျန်ခဲ့သည်ဖြစ်စေ မြောက်လန်ဒန်ကလပ်ကနေ ကစားသမား အတော်များများ ထွက်ခွာသွားကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
CaughtOffside ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဟာ စပါးအသင်းရဲ့ အခက်အခဲဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အသက် ၂၀ အရွယ် ဘာ့ဗယ်ကို ခေါ်ယူဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းကလည်း ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာတို့က ကမ်းလှမ်းဖို့ အခြေအနေကို စုံစမ်းကြည့်ခဲ့ဖူးပေမဲ့ တော့တင်ဟမ်ဘက်က ပယ်ချခဲ့ပြီး အခုနွေရာသီမှာလည်း ဒီအတိုင်းပဲ ထပ်ပြီးငြင်းဆိုသွားဖို့ ရှိနေပါတယ်။
ဒါပေမဲ့ ဘာ့ဗယ်ဘက်က အသင်းကနေ ထွက်ခွာဖို့ ဖိအားပေးတောင်းဆိုလာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး တော့တင်ဟမ်ကတော့ သူ့ကို နှစ်ရှည်စာချုပ် ချုပ်ဆိုထားတာကြောင့် အသာစီးရနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဘာ့ဗယ်ဟာ ၂၀၃၁ ခုနှစ်အထိ အသင်းနဲ့ စာချုပ်သက်တမ်း ရှိနေတာပဲ ဖြစ်ပါတယ်။