မန်စီးတီးပရိသတ်တစ်ဦးရဲ့သစ္စာဖောက်လို့ ခေါ်ဝေါ်ပြီး လှောင်ပြောင်မှုကို အာဆင်နယ်တိုက်စစ်မှူးဂျီးဆပ်စ် ပြန်လည်တုံ့ပြန်
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အသင်းဟောင်းမန်စီးတီးနဲ့ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူးဂျီးဆပ်စ်ကို သစ္စာဖောက်လို့ခေါ်ဝေါ်ကာ လှောင်ပြောင်မှုတစ်ခု ရှိခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးက လက်ရှိအာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားရဖူးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး မန်စီးတီးကစားသမားဘ၀မှာ နည်းပြပက်ဂွါဒီယိုလာနဲ့အတူ အောင်မြင်မှုတွေ အများကြီးရရှိခဲ့ဖူးပါတယ်။
သူက မန်စီးတီးမှာ ငါးနှစ်ခွဲကြာကစားခဲ့ဖူးပြီး ၂၃၆ ပွဲကစား၊ ၉၅ ဂိုးအထိ သွင်းယူပေးခဲ့သလို ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ ကာရာဘောင်ဖလား ၃ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၁၀ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲဒီလိုအောင်မြင်မှုတွေ ရခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံချိန် မန်စီးတီးပရိသတ်တစ်ဦးက ဂျီးဆပ်စ်ကို "သစ္စာဖောက်ကြီး၊ ဂိုးရလဒ် ဘယ်လောက်လဲဟေ့၊ သစ္စာဖောက်ကြီး" လို့ အော်ဟစ်လှောင်ပြောင်ခဲ့ပါတယ်။
အဲဒီလို သစ္စာဖောက်လို့ အစွပ်စွဲခံရတဲ့နောက်မှာတော့ ဂျီးဆပ်စ်က အဲဒီပရိသတ်ဆီ လျှောက်သွားပြီး "ကျွန်တော် ဒီမှာ ဆုဖလား ၁၁ လုံးတောင် ရခဲ့တာဗျ" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီရုပ်သံဖိုင်က လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း အတော်လေး ပျံ့နှံ့နေပါတယ်။
အဲဒီနောက်မှာတော့ ဂျီးဆပ်စ်က သူ့ရဲ့ နားနှစ်ဖက်ကို လက်နဲ့အုပ်ပြတဲ့ အမူအရာလုပ်ပြခဲ့ပြီး အသင်းဖော်ဒေါင်းမန်းနဲ့အတူ သွေးပူလေ့ကျင့်ခန်းတွေ ဆက်လုပ်နေခဲ့ပါတယ်။
ဂျီးဆပ်စ်ကအာဆင်နယ်ဆီ ရောက်ရှိလာပြီးနောက် နည်းပြ အာတီတာလက်အောက်မှာတော့ အောင်မြင်မှုတွေ မရရှိသေးပါဘူး။ အာဆင်နယ်အသင်းက အခုဘောလုံးရာသီမှာ အက်ဖ်အေဖလားပြိုင်ပွဲနဲ့၊ ကာရာဘောင်ဖလားပြိုင်ပွဲတို့မှ ထွက်ခွာလာရလို့ ဖလားလေးရယူမယ့်မျှော်လင့်ချက်လည်း ပျက်ပြယ်သွားခဲ့ပါတယ်။
ဂျီးဆပ်စ်ကတော့ မြောက်လန်ဒန်ကလပ် အာဆင်နယ်အတွက် ပွဲ ၁၂၀ ကစား၊ ၃၁ ဂိုး သွင်းယူပေးထားပေမဲ့ မန်စီးတီးမှာရရှိခဲ့တဲ့ အောင်မြင်မှုမျိုးကိုတော့ လိုက်မမီသေးပါဘူး။
လက်ရှိမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်က လာမယ့်သီတင်းပတ်၊ နယူးကာဆယ်နဲ့တွေ့ဆုံချိန် မဖြစ်မနေအနိုင်ရရှိအောင်ကြိုးစားရင်း ဆုဖလားမျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းသွားရပါမယ်။