ဒေါင်းမန်းကို စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်တယ်လို့ အာတီတာ ဆို
အာဆင်နယ်နည်းပြအာတီတာက အစ်ဆွစ်တောင်းကို ၂-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ လူငယ်ကြယ်ပွင့်မက်စ်ဒေါင်းမန်းကို အပြည့်အ၀ ချီးကျူးခဲ့ပေမဲ့ ကစားသမားအတွက် စနစ်တကျပြုစုပျိုးထောင်ပေးမှု လိုအပ်နေဆဲပဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အခုဘောလုံးရာသီ၊ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရလာတဲ့ အသက် ၁၆ နှစ်အရွယ်ကစားသမားက လူစာရင်းပိုင်းအပြောင်းအလဲ အများအပြားပြုလုပ်ထားတဲ့ အာဆင်နယ်နဲ့အတူ ပေါ့မန်းရုဒ်ကွင်းမှာ နှစ်ဂိုးသွင်းယူကာ အစ်ဆွစ်တောင်းကို အနိုင်ယူပြီး ကာရာဘောင်ဖလားစတုတ္ထအဆင့်ဆီ တက်လှမ်းသွားပါတယ်။
ဒါက သူ့အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ပိုမိုမြင့်တက်လာစေမယ့် စွမ်းဆောင်ရည်မျိုး ဖြစ်ပေမဲ့ အာတီတာကတော့ ဒီမျှော်လင့်ချက်တွေကို ထိန်းညှိပေးဖို့ လိုလားနေပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် အာတီတာက လူငယ်ကစားသမားကို အပြည့်အ၀ချီးကျူးခဲ့ပေမဲ့ ဖိအားတွေပြည့်နှက်နေတဲ့ ပွဲကြီးပွဲကောင်းတွေဆီ သူ့ကို ချက်ချင်းပို့ဆောင်သွားဖို့ မရှိသေးဘူးလို့ ပြောပါတယ်။
သူက "ကျွန်တော်တို့ကစားခဲ့တဲ့ ပုံစံ၊ ရရှိထားတဲ့ အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ခဲ့တာနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေ အလွန်ကောင်းမွန်ခဲ့တဲ့ ကဏ္ဍတော်တော်များများအပေါ် အလွန်ပျော်ရွှင်ကျေနပ်မိလို့ ခြုံငုံပြောရရင် အလွန်ကောင်းမွန်တဲ့ ညချမ်းတစ်ခုပဲ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
မက်စ်ဒေါင်းမန်းနဲ့ပတ်သက်ပြီး အာတီတာက "ဒေါင်းမန်းလည်း တကယ့်ကို ထူးချွန်ခဲ့ပါတယ်။ ကစားကွက်တချို့မှာ အဆုံးအဖြတ်ပေးနိုင်ခဲ့သလို ထူးထူးခြားခြား ကောင်းမွန်ခဲ့ပါတယ်။ သူ့ဆီမှာ ပါရမီရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီး သူ့ကို ဂရုတစိုက် စောင့်ရှောက်ပေးရပါမယ်။ သူ့ပတ်ဝန်းကျင်ရဲ့အခြေအနေတွေ တကယ်ကောင်းမွန်နေလို့ တဖြည်းဖြည်းချင်းပဲ ဆက်သွားရပါမယ်"
"သူက အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်၊ ဒါကြောင့် ကျွန်တော်တို့ သတိထားရပါမယ်။ ကျွန်တော်တို့ သူ့ကို မတားဆီးချင်ပေမဲ့ သူ့ကို ပိုမိုတိုးတက်လာအောင် ကူညီပေးဖို့ လိုအပ်ပါတယ်။ သူ ဘာလိုအပ်လဲဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသဘောပေါက်ထားပြီး သူ့အတွက် ပွဲကစားချိန်တွေလည်း အပြည့်အ၀ ရရှိလာပါလိမ့်မယ်" လို့ ဆိုပါတယ်။