ရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာတော့မယ့် ဂျွန်စတုန်းစ်
ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ ဝါရင့်နောက်ခံလူ ဂျွန်စတုန်းစ်ဟာ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ မန်စီးတီးကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ ပွဲထွက်ခွင့်နဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ ၂၀၁၆ ခုနှစ်မှာ အဲဗာတန်ကနေ ပက်ဂွာဒီယိုလာရဲ့ အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အီတီဟတ်ကွင်းမှာ ၁၀ ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် လမ်းခွဲတော့မှာ ဖြစ်ပါတယ်။
စတုန်းစ်ဟာ ဂွာဒီယိုလာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးခေါ်ယူမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၇-၁၈၊ ၂၀၂၀-၂၁ နဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီတွေမှာ မန်စီးတီးအသင်း ပရီမီယာလိဂ်ဖလား ရရှိဖို့အတွက် အဓိကနေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဒဏ်ရာပြဿနာတွေကြောင့် အားကစားဒါရိုက်တာ ဟူဂိုဗီယာနာက စာချုပ်သစ်မချုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
The Athletic သတင်းထောက် Sam Leeရဲ့ အဆိုအရ စတုန်းစ်အသင်းကနေ ထွက်ခွာမယ့်အကြောင်းကို အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်ခင် တရားဝင် ကြေညာသွားနိုင်တယ်လို့ သိရပါတယ်။
ဒီပွဲကမန်စီးတီးရဲ့ ရာသီပိတ်ခါနီး အိမ်ကွင်းနောက်ဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်လို့ စတုန်းစ်အနေနဲ့ ပရိသတ်တွေကို ထိုက်ထိုက်တန်တန် နှုတ်ဆက်ခွင့် ရရှိမှာဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားကလည်း ဇွန်လမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပါတယ်။
မန်စီးတီးဟာ ကစားသမားသစ်တွေ စတင်ရှာဖွေနေပြီဖြစ်ပြီး မာ့ခ်ဂူဟီနဲ့ အန်တွိုင်း ဆီမန်ညိုတို့ကို နှစ်ဦးပေါင်း ပေါင် ၈၄ သန်း အကုန်အကျခံကာ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။