The network connection is lost.

Banner Image

ရာသီကုန်အထိ အနားယူရဖို့ရှိနေပြီး ကမ္ဘာ့ဖလားပါဝင်ခွင့်အတွက်ပါ စိုးရိမ်နေရတဲ့ တော့တင်ဟမ်ကပ္ပတိန်ရိုမဲရိုး

တော့တင်ဟမ်အသင်းခေါင်းဆောင်ရိုမဲရိုးက ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖို့ရှိနေပြီး လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့လည်း အတော်လေးမရေမရာဖြစ်နေပါတယ်။

အသက် ၂၇ နှစ်အရွယ်နောက်ခံလူက ပြီးခဲ့တဲ့တနင်္ဂနွေနေ့(ဧပြီလ ၁၂ ရက်)မှာ ဆန်းဒါးလန်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး ကွင်းတွင်းမှထွက်ခွာချိန် မျက်ရည်တွေ ကျခဲ့ပါတယ်။

တဖက်မှာလည်း ရှုံးပွဲကြုံတွေ့ခဲ့တဲ့ တော့တင်ဟမ်က လက်ကျန်ခြောက်ပွဲသာ ကျန်ရှိတော့ချိန် တန်းဆင်းဇုန်မှလွတ်မြောက်ဖို့အတွက် အနီးဆုံးပြိုင်ဘက်ဝက်စ်ဟမ်းနောက် နှစ်မှတ်အကွာဆီ ရောက်ရှိသွားခဲ့ပါတယ်။

ဘီဘီစီသတင်းထောက်ဆာမီမောက်ဘဲလ်ကတော့ အကြိုစစ်ဆေးမှုရလဒ်တွေအရ ရိုမဲရိုးရဲ့ဒူးအရွတ် (Medial Cruciate Ligament) တစ်စိတ်တစ်ပိုင်း ပြတ်တောက်သွားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခုလက်ရှိမှာတော့ သူဟာ အနည်းဆုံး သီတင်းပတ်ရှစ်ပတ်လောက် အနားယူရဖို့ ရှိနေလို့ တော့တင်ဟမ်အတွက် အခုဘောလုံးရာသီမှာ ထပ်မံကစားပေးနိုင်ဖို့ မရှိတော့သလို ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်သွားနိုင်မယ့် အခြေအနေမှာ ရောက်ရှိနေပါတယ်။