လီဗာပူးမှ ထွက်ခွာပြီးနောက်ပိုင်း အန်ဖီးလ်ကွင်းဆီ ဘာကြောင့်မရောက်ဖြစ်သလဲဆိုတာ ရှင်းပြလာတဲ့ ယာဂန်ကလော့ပ်
ပြီးခဲ့တဲ့သီတင်းပတ်၊ လီဗာပူးဂန္တဝင်တွေရဲ့ပွဲစဉ်အတွက် အန်ဖီးလ်ကွင်းဆီ ပြန်လည်ရောက်ရှိလာရလို့ ယာဂန်ကလော့ပ် အရမ်းပျော်ရွှင်နေပါတယ်။
ဒါက အသင်းမှ သူထွက်ခွာသွားခဲ့တဲ့ ၁၈ လတာကာလအတွင်း အန်ဖီးလ်ကွင်းဆီ ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိလာမှုလည်း ဖြစ်ပါတယ်။
သူက "ကျွန်တော် အသင်းမှထွက်သွားချိန်မှာ ဒီနေရာဆီ ဘယ်နှကြိမ်လောက် ပြန်လာဖြစ်မယ်ဆိုတာ မသိခဲ့ပါဘူး။ ပထမနှစ်တုန်းကတော့ (လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုကို) အနှောင့်အယှက်ဖြစ်မှာ ဒါမှမဟုတ် ကံဆိုးသွားမှာဆိုးလို့ မလာခဲ့ပါဘူး။ အခုလည်း ကျွန်တော်က မျှော်လင့်ချက်အမှားတွေ၊ ဘာတွေ မဖန်တီးချင်လို့ ပြန်မလာဖြစ်ပါဘူး" လို့ ပြောပါတယ်။
"မလာဖြစ်ဖို့အတွက် အကြောင်းပြချက်တွေ အမြဲရှိနေတတ်ပေမဲ့ အခုရောက်လာရတဲ့ခရီးစဉ်ကတော့ တကယ်ကောင်းပါတယ်။ လီဗာပူးဖောင်ဒေးရှင်းအတွက် အားပေးကူညီဖို့ လာရမယ်ဆိုတာကိုတော့ ဘာမှ သံသယဖြစ်စရာ မရှိပါဘူး၊ ဒါကြောင့်လည်း ကျွန်တော်တို့ ဒီကို ရောက်နေတာပါ"
"နောက်ပြီး နောက်ထပ်ကောင်းတာတစ်ခုက ကျွန်တော့်ရဲ့ အရင်ကလပ်ဟောင်းနဲ့ အန်ဖီးလ်မှာ ပွဲကစားခွင့်ရရှိခြင်း ဖြစ်ပါတယ်။ ဒါက တကယ့်ကို ကောင်းတဲ့အချက်ပါ"
"ဒီမှာ ရှိနေရတာ တကယ်ကောင်းပါတယ်။ ဘာဖိအားမှလည်း မရှိဘူး၊ ပြင်းထန်မှုတွေလည်း မလိုအပ်ဘူး၊ ဒီအတိုင်း ပတ်ဝန်းကျင်အခြေအနေကို လာပြီး ခံစားရုံပဲ ဖြစ်ပါတယ်။ ပွဲကစားဖို့လည်း စောင့်တောင် မစောင့်နိုင်တော့ပါဘူး။
ဒီနေ့မွန်းလွဲပိုင်းမှာ ပရိသတ် ၆၀,၀၀၀ ကျော်တောင် လာရောက်တယ်ဆိုတော့ တကယ့်ကို မယုံနိုင်စရာကောင်းပါတယ်။ ကစားသမားတွေကလည်း ပရိသတ်တွေကို တစ်မျိုးတစ်ဖုံဖျော်ဖြေနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။
လီဗာပူးဂန္ထဝင်အသင်းနဲ့ ဘိုရပ်ရှားဒေါ့မွန်ဂန္ထဝင်အသင်းတို့ရဲ့ ရန်ပုံငွေပွဲစဉ်က တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပါတယ်။