The network connection is lost.

Banner Image

မိုဆာလက်ရဲ့နေရာကို တိုက်ရိုက်အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လီဗာပူးဆီ သတိပေးလိုက်တဲ့ ယာဂန်ကလော့ပ်

မိုဟာမက်ဆာလက်ရဲ့နေရာကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုပဲလို့ ယာဂန်ကလော့ပ်က လီဗာပူးအသင်းတာဝန်ရှိသူတွေဆီ သတိပေးလိုက်ပါတယ်။

မိုဆာလက်က မာဆေးဆိုဒ်မှာ ကိုးနှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အခုရာသီကုန်ဆုံးချိန်၊ အန်ဖီးလ်မှထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

"ဟုတ်ပါတယ်၊ ဒီလိုမျိုး ထူးခြားတဲ့ ကစားသမားမျိုးကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါက အမြဲတမ်း ဒီလိုပါပဲ။ လစ်ဟာသွားတဲ့နေရာကို တစ်ဦးဦးကတော့ ဝင်ဖြည့်ပါလိမ့်မယ်။ နည်းပြအသစ်က ဘယ်လိုကစားကွက်နဲ့ပဲ ကစားကစား၊ အဲ့ဒီနေရာမှာ ကစားမယ့်သူကို အချိန်ဘယ်လောက်ပေးရမလဲ၊ အခွင့်အရေး ဘယ်လောက်ပေးရမလဲဆိုတာကို ကျွန်တော်တို့ အမြဲတမ်းထည့်သွင်းစဉ်းစားရပါတယ်။"

"ဒါပေမဲ့ မိုဆာလက်လား? အပြင်လောကမှာ သူ့လိုလူ နောက်တစ်ယောက် ရှိဦးမလားဆိုတာတောင် ကျွန်တော်ဖြင့် အာမခံပေးလို့မရပါဘူး။ တောင်ပံနေရာမှာ မတူညီတဲ့ အားသာချက်တွေ၊ အရည်အချင်းတွေနဲ့ ကစားနေတဲ့ တခြားသူတွေ ရှိပါတယ်။ ဒါပေမဲ့ မိုဆာလက်ရဲ့ကိန်းဂဏန်းအချက်အလက်တွေကိုတော့ အဲ့ဒီနေရာမှာ ကစားတဲ့သူတွေအနက် ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်ပါဘူး။"

"အဲ့ဒီနေရာမှာ ဒီလောက်အထိ စွမ်းဆောင်နိုင်တဲ့သူမျိုး အတိတ်မှာ ရှိခဲ့ဖူးလားဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ကို ခင်ဗျားက တောင်ပံကစားသမားလား၊ တိုက်စစ်မှူးလားလို့ မေးရင် 'မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော်က တောင်ပံကစားသမားပါ' လို့ သူက ဖြေပါလိမ့်မယ်။ တောင်ပံကစားသမားတစ်ယောက်အတွက် ဒီလောက်ဂိုးအရေအတွက်ရဖို့ဆိုတာ မယုံနိုင်စရာပါပဲ။ တိုက်စစ်မှူးတစ်ဦးအတွက်ဆိုတောင် ဒါက ပြိုင်ဘက်ကင်းတဲ့ အရေအတွက်မျိုးပါ။ ဒါ လက်ရှိအခြေအနေပါပဲ။ ဒါကြောင့် အစားထိုးဖို့မဖြစ်နိုင်ဘူးဆိုရင် ခင်ဗျားတို့ ဘာလို့ အတင်းကြိုးစားနေမှာလဲ?" လို့ လီဗာပူးနည်းပြဟောင်းကလော့ပ်က ပြောပါတယ်။

ကလော့ပ်က ဆက်ပြီး "ကျွန်တော်က တစ်ဦးဦးအတွက် အကြံပေးရမယ့် အခန်းကဏ္ဍမှာ မရှိပါဘူး။ ဒါပေမဲ့ ကစားသမားအသစ်တွေ ခေါ်ယူပြီး အောင်မြင်မှုရနိုင်မယ့် ဘောလုံးကစားဟန်မျိုးနဲ့ပဲ ကစားပါ။ ဒါပါပဲ။"

"သူကတော့ အချိန်တိုင်းအတွက် အကောင်းဆုံးကစားသမားတစ်ဦးပါ။ တစ်နေ့ကျရင် အခုရှိနေတဲ့ကစားသမားတွေအားလုံးနဲ့ ဂန္ထဝင်အသင်း(Legends team) တစ်ခု ဖွဲ့ဖြစ်ချိန် တကယ်ကိုပျော်စရာကောင်းပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။