The network connection is lost.

Banner Image

နောက်ထပ်လေးငါးခြောက်နှစ်လောက်အထိ ထိပ်တန်းအဆင့်မှာ မိုဆာလက် ဆက်ကစားနိုင်သေးတယ်လို့ ဆိုလိုက်တဲ့ ယာဂန်ကလော့ပ်

လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က မိုဆာလက်လို ကစားသမားမျိုး အန်ဖီးလ်မှာ နောက်ထပ်မရှိလာနိုင်တော့ဘူးလို့ ယုံကြည်နေပါတယ်။

လီဗာပူးအသင်းမှာ ကိုးနှစ်ကြာ ဖြတ်သန်းခဲ့တဲ့ မိုဆာလက်က အသင်းသမိုင်းတစ်လျှောက် တခြားဘယ်ကစားသမားထက်မဆို စံချိန်တွေကို ပိုမိုချိုးဖျက်နိုင်ခဲ့ပြီး ဒီနွေရာသီမှာပဲ အသင်းမှထွက်ခွာဖို့ ရှိနေပါတယ်။

ပီတာခရော့ချ်ရဲ့ပေါ့ဒ်ကတ်စ် (podcast) အစီအစဉ်မှာ ကလော့ပ်က "အရင်တုန်းက အီယန်ရပ်ရှ်တို့လို ကစားသမားတွေရဲ့ သွင်းဂိုးတွေကို ရေတွက်ရင်းနဲ့ တခြားသူတွေက အခုလိုမျိုး ပြောကောင်းပြောခဲ့ဖူးပါလိမ့်မယ်။ ဒါပေမဲ့ မိုဆာလက်ရဲ့ကစားသမားဘဝလိုမျိုးကတော့ နောက်ထပ်တစ်ကြိမ် ပြန်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး" လို့ ပြောခဲ့ပါတယ်။

"သူပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေ၊ သူ့ရဲ့စိတ်ဓာတ်ပိုင်းနဲ့ အောင်မြင်ချင်တဲ့ ဆန္ဒတွေ ပေါင်းစပ်လိုက်ရင် သူ့လိုလူမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ လေ့ကျင့်ရေးကွင်းထဲမှာ ဆာလက်ကို ကြည့်မယ်ဆိုရင် သူဟာ တကယ်ကို ပါရမီပါတဲ့ ကောင်လေးတစ်ယောက်၊ ဘယ်ခြေကို ကောင်းကောင်းသုံးနိုင်ပြီး မြန်နှုန်းလည်း အရမ်းကောင်းတယ်လို့ ခံစားမိပါလိမ့်မယ်။ ရိုးမားအသင်းမှာရှိစဉ်က သူ့ရဲ့အဆုံးသတ်သေချာမှုအပေါ် သူကိုယ်တိုင်အားမရခဲ့လို့ အိမ်နောက်ဖေးမှာ ဂိုးပေါက်တစ်ခုလုပ်ပြီး လေ့ကျင့်ခဲ့ရာမှတဆင့် သူ ဂိုးတွေ စတင်သွင်းယူနိုင်ခဲ့ပါတယ်"

"တိုးတက်အောင် ကြိုးစားဖို့အတွက် လူတော်တော်များများကတော့ ခြံထဲမှာ ဂိုးပေါက်လုပ်ပြီး လေ့ကျင့်ကြမှာပါပဲ။ ဒါပေမဲ့ ကျွန်တော့်စိတ်ကူးထဲမှာတော့ သူက တစ်နေ့ကို ခုနစ်နာရီလောက်အထိ လေ့ကျင့်ခဲ့မယ်လို့ ထင်ပါတယ်။ နွေရာသီအားလပ်ရက်မှပြန်လာချိန်တိုင်း သူ့ဆီမှာ အရည်အသွေးအသစ်တွေ၊ အတွေးအမြင်သစ်တွေ အမြဲပါလာတတ်ပါတယ်" လို့လည်း ကလော့ပ်က ဆိုပါတယ်။

ဒါ့အပြင် ကလော့ပ်က "ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကို ပြန်ကြည့်လိုက်ပါ။ သူ ဘယ်လောက်တောင် ဂိုးဖန်တီးမှုတွေ လုပ်ပေးခဲ့သလဲ၊ ဘယ်လိုပုံစံနဲ့ ဖန်တီးပေးခဲ့သလဲဆိုတာ တွေ့နိုင်ပါတယ်။ ပုံမှန်ဆိုရင် သူ ကိုယ်တိုင်ကန်မယ့်အစား လူပေးဖို့အတွက် ဂိုးဧရိယာထဲ ချိုးဝင်လာပြီး ကိုဒီဂတ်ပို (ဒါမှမဟုတ်) အနီးစပ်ဆုံးရှိနေသူကို ဘောလုံးပေးတတ်ပါတယ်။ ဒီလိုအခြေအနေတွေကို သူက အပြည့်အဝနီးပါး အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့ပါတယ်"

"သူက တစ်ခုမဟုတ်တစ်ခု အမြဲတမ်း အသစ်တွေ ယူဆောင်လာတတ်တယ်၊ သူ ဘယ်တော့မှ ရပ်တန့်မသွားသလို ရပ်တန့်သွားမှာလည်း မဟုတ်ပါဘူး။ သူက အခု အသက် ၃၃ နှစ်ရှိပြီဆိုပေမဲ့ နောက်ထပ် ၅ နှစ် ဒါမှမဟုတ် ၆ နှစ်လောက်အထိ ကစားနိုင်ဦးမယ်ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။