ဖလော်ရီယန်ဝစ်ဇ်ကို ပြီးပြည့်စုံတဲ့ကစားသမားလို့ ချီးကျူးထောက်ခံလိုက်တဲ့ ယာဂန်ကလော့ပ်
လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က လာမယ့်နွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဖလော်ရီယန်ဝစ်ဇ်ကို ထောက်ခံအားပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ လေဗာကူဆင်မှ ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းဖြင့် ရောက်ရှိလာတဲ့ ဖလော်ရီယန်ဝစ်ဇ်က ပရိသတ်တွေရဲ့အကြီးအကျယ်မျှော်လင့်စောင့်ကြည့်မှုကို ခံခဲ့ရသလို တစ်ရာသီလုံးမှာလည်း ဖိအားတွေကို ပခုံးထမ်းကျော်ဖြတ်ခဲ့ရပါတယ်။
အသက် ၂၂ နှစ်အရွယ်ဂျာမနီလက်ရွေးစင်ကစားသမားလေးက ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ အခုတော့ ကစားသမားရဲ့အကောင်းဆုံးစွမ်းရည်ကို ဘယ်လိုထုတ်ယူရမလဲဆိုတာ သိထားတဲ့ လီဗာပူးနည်းပြအန်းစလော့လက်အောက်မှာ နေရာတစ်ခု ရရှိလာပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲစဖို့ ရက်ပေါင်း ၅၀ တောင် မလိုတော့ချိန် ကလော့ပ်က ဖလော်ရီယန်ဝစ်ဇ်အကြောင်း ထုတ်ဖော်ပြောဆိုလာပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ဂျာမန်ကြယ်ပွင့်လေး ပျော်ပျော်ပါးပါးနဲ့ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေပါတယ်။
"ဖလော်ရီယန်၀ဇ်အတွက် တကယ့်ကိုအံ့ဩစရာကောင်းတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ထူးချွန်တဲ့ ကစားသမားတစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့အရည်အချင်းတွေ အကုန်လုံး သူ့မှာ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်"
"ဒီကောင်လေးအပေါ် ဖိအားတွေတော့ မပေးချင်ပါဘူး။ ခက်ခဲတဲ့ ရာသီတစ်ခုအတွင်းမှာ သူ ဘယ်လောက်တောင် ကောင်းအောင် ကစားနိုင်လဲဆိုတာကို သူကိုယ်တိုင် ပြသခဲ့ပြီးပါပြီ"
"ဗန်ဒိုက်၊ မိုဆာလက်နဲ့ မာနေးတို့အတွက်လည်း ကမ္ဘာ့ဖလားမှာ ကောင်းမွန်တဲ့ခရီးစဉ်တစ်ခု ဖြစ်လာဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ မက်အယ်လစ္စတာသာ နောက်ထပ်တစ်ကြိမ် ကမ္ဘာ့ဖလားထပ်ရမယ်ဆိုရင်လည်း သိပ်ကောင်းပါမယ်။ သူ ဘရိုက်တန်ဆီ ကမ္ဘာ့ဖလားချန်ပီယံဆုတံဆိပ်နဲ့ သူပြန်လာတာကို မြင်တွေ့ရတာ တကယ့်ကိုပျော်စရာကောင်းပါတယ်"
"ကျွန်တော့်ရဲ့တပည့်ဟောင်းတွေ အများကြီး ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်နေတာကို မြင်ရတာ တကယ့်ကို ဝမ်းသာစရာကောင်းပါတယ်။ အချိန်တွေ ဘယ်လိုကုန်ဆုံးသွားမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" လို့ ကလော့ပ်က ဆိုပါတယ်။
ကလော့ပ်က လက်ရှိမှာ Red Bull အုပ်စုရဲ့ ဘောလုံးဌာနအကြီးအကဲအဖြစ် တာဝန်ယူနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂျာမနီရုပ်သံလိုင်းတစ်ခုအတွက် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်သွားပါလိမ့်မယ်။